Thursday, April 18, 2013

ရခိုင်သင်္ကြန်ပွဲတော် မြို့နယ်အချို့တွင်သာ လွတ်လပ်စွာ ကျင်းပခွင့် ရခဲ့

သိန်းလှိုင် | ကြာသပတေးနေ့၊ ဧပြီလ ၁၈ ရက်

ရခိုင်သင်္ကြန်ပွဲများကို ရန်ကုန်၊ စစ်တွေနှင့် မြို့နယ်အချို့တွင်သာ ကျင်းပခွင့်ရကြပြီး လုံခြုံရေးကြောင့် ကျန်မြို့နယ်များတွင် တားမြစ်ခံခဲ့ရကြောင်း ဒေသခံများက ဆိုသည်။

စစ်တွေတွင် ရခိုင်သင်္ကြန်ပွဲတော်ကို ပြည်နယ်အစိုးရက လွတ်လပ်စွာ ကျင်းပခွင့်ပြုခဲ့ပြီး ယခင်နှစ်များထက်ရေလောင်းမဏ္ဍပ်နည်းပါးခဲ့သော်လည်း စည်ကားခဲ့ကြောင်း စစ်တွေ ရခိုင်ရိုးရာ ဖော်ထုတ်ရေး ကော်မတီ နာယက စာရေးဆရာ ဗဂျီးကျော် က ပြောသည်။

“ဦးဥတ္တမ ပန်းခြံရှေ့မှာ ပြည်နယ်အစိုးရရဲ့ မြန်မာ့ရိုးရာ ဗဟိုမဏ္ဍပ်နဲ့ ကောလိပ်ကျောင်း (ဟောင်း) ရှေ့မှာ တက္ကသိုလ်ပေါင်းစုံ ကျောင်သား/သူများ၏ ရေလောင်း မဏ္ဍပ်တခု၊ မိဇံ ကမ်းနားလမ်းမှာ ရပ်ကွက်လူထုက
ပြုလုပ်ထားတဲ့ “ပန်းမြတ်သဇင်” မဏ္ဍပ် ၄ ခု၊ စုစုပေါင်း ၆ ခုပဲ ရှိတယ်။ ဗဟိုမဏ္ဍပ်မှာတော့ မြန်မာ့ရိုးရာရော၊ ရခိုင်ရိုးရာ မဏ္ဍပ်နှစ်ခု ပူးတွဲလုပ်ထားတယ်။ မဏ္ဍပ် နည်းပေမယ့် ဆင်နွှဲသူ များမှုကြောင့် အရင်နှစ်တွေလိုပဲ စည်ကားပါတယ်”
ဟု မဇ္ဈိမကို ပြောသည်။

စစ်တွေတွင် ရပ်ကွက်ပေါင်း ၃၀ ကျော်ရှိရာ ပြည်နယ်အစိုးရက ၃ ရပ်ကွက် တခုကျ မဏ္ဍပ်ထွက်ခိုင်းခဲ့သော်လည်း အခက်အခဲအမျိုးမျိုးကြောင့် မဏ္ဍပ် ၄ ခုသာ ထွက်နိုင်ခဲ့ကြောင်း ဂန္ထဝင် စာအုပ်တိုက် ပိုင်ရှင် ဦးထွန်းဝင်း က ပြောသည်။

စစ်တွေမြို့ လုံခြုံရေး ချမှတ်ထားမှုနှင့်ပတ်သက်၍ ဗဂျီးကျော် က “အရင်နှစ်တွေကဆိုရင် စစ်တွေမှာ သင်္ကြန်လည်ရင် မင်းဘာကြီးလမ်း၊ လမ်းမကြီး၊ မိဇံကမ်းနားလမ်း၊ ၃ လမ်းလုံး လွတ်လွတ်လပ်လပ် သွားခွင့် ရတယ်။ အခုတော့ မင်းဘာကြီးလမ်းကို လုံခြုံရေးအပြည့်ယူပြီး ပိတ်ထားလိုက်တော့ လမ်းနှစ်လမ်းပဲ သွားခွင့်ရှိတော့တယ်” ဟု ဗဂျီးကျော် က ရှင်းပြသည်။

ယင်းသို့ ပိတ်ထားရခြင်းမှာ မင်းဘာကြီးလမ်းပေါ် အောင်မင်္ဂလာရပ်ကွက်၌ မူဆလင် ဘာသာဝင်အများနေထိုင်လျက်ရှိသောကြောင့်ဟု ဒေသခံတို့က ဆိုသည်။

ရန်ကုန် ရခိုင်သင်္ကြန်တွင် ယခင်နှစ်များထက် ရေလောင်းမဏ္ဍပ် နည်းပါးသော်လည်း စည်ကားကြောင်း ကျင်းပရေးကော်မတီ နာယက ဒေါ်စောခင်တင့် က ပြောသည်။

“ဧပြီ ၁၂ ညနေပိုင်း ရခိုင်ဓမ္မာရုံမှာ နံ့သာသွေးတယ်။ ၁၃ မနက်ပိုင်း ဓမ္မာရုံမှာပဲ ဘုရား ရေသပ္ပါယ်တယ်။ အဲဒီနေ့ မွန်းလွဲ ၂ နာရီခွဲလောက်မှာပဲ မဏ္ဍပ် ၉ ခုနဲ့ သုဝဏ္ဏ အားကစားကွင်းမှာ ရခိုင်သင်္ကြန် ကျင်းပခဲ့တယ်။ ၁၆ ရက်နေ့ ညနေ၅နာရီမှာ ရခိုင်သင်္ကြန်ပွဲ ပြီးဆုံးခဲ့တယ်။ အရင်နှစ်တွေကထက် မဏ္ဍပ်နည်းပေမယ့် စည်ကားပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ကျောက်ဖြူနှင့် သံတွဲတွင်မူ ရခိုင်မဏ္ဍပ် တခုစီဖြင့် လူငယ်များက ကျင်းပခဲ့ကြပြီး လုံခြုံရေးများ တိုးမြှင့်ချထား ၍ စည်ကားမှုနည်းခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်၏ မြို့နယ်အများစုတွင် လုံခြုံရေး အကြောင်းပြု၍ အာဏာပိုင်များက သင်္ကြန်မဏ္ဍပ်ဆောက်လုပ် ကျင်းပခွင့်ကို တားမြစ်ထားခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ကျောက်တော်မြို့တွင်မူ မြန်မာ့ရိုးရာနှင့် ရခိုင်ရိုးရာ မည်သည့်မဏ္ဍပ်မျှ ဆောက်ခွင့် မရှိခဲ့ကြောင်း ဒေသခံ စီးပွားရေး လုပ်ငန်းရှင်တဦးက ဆိုသည်။

“ဒီမှာက အာဏာပိုင်တွေက သူတို့လည်း မဏ္ဍပ်မလုပ်၊ လုံခြုံရေးအရ ပြည်သူတွေကိုလည်း ဆောက်ခွင့် မပြုဘူး။ စစ်တွေက လွဲရင် ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ တခြားမြို့နယ်တွေမှာလည်း ပိတ်ပင်ထားတယ် လို့သိရတယ်။ လူတွေကလည်း စိုးရိမ်စိတ်တွေ ရှိနေလေတော့ မလုပ်ဖြစ်ကြဘူး။ လမ်းဘေးမှာ အုန်းလက်လေးတွေ ကာပြီး ကလေးတချို့ ရေလောင်းနေတာတော့ တွေ့ရတယ်” ဟု မဇ္ဈိမကို ပြောသည်။

မြောက်ဦးမြို့မှာမူ အာဏာပိုင်များ တားမြစ်ထားခြင်းအပြင် မိုးသီးကြီးများ ကျဆင်း၍ အနည်းဆုံး လူသုံးဦးသေဆုံးခဲ့ရပြီး ယခုနှစ်သင်္ကြန်မှာ မြောက်ဦးအတွက် အဟောသိကံ ဖြစ်ခဲ့ရကြောင်း မြောက်ဦး ဒေသခံ
ရှေးဟောင်းသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး (ငြိမ်း) ဦးကျော်ထွန်းအောင် က ပြောသည်။

“မြောက်ဦးမှာက ဘက်နှစ်ဘက် ရှိနေတော့ လုံခြုံရေးအရ သင်္ကြန်မဏ္ဍပ်တွေ လုပ်ခွင့်ကို အာဏာပိုင်တွေက ကန့်သတ်ထားတယ်။ ဒီကြားထဲမှာ အရပ်ဘက်က မဏ္ဍပ် ၄-၅ ခုလောက် ပေါ်လာသေးတယ်။ ဧပြီ ၁၆ မွန်းလွဲ ၂ နာရီလောက်ကနေ ညနေ ၅ နာရီထိ လက်သီးဆုပ်လောက် ရှိတဲ့ မိုးသီးတွေ ရွာကျတယ်။ မိုးသက်လေပြင်းတွေ တိုက်တယ်။ ဒီလို ဆိုးရွားတဲ့အခြေအနေမှာ လေးမြို့မြစ်ကို ဖြတ်ကူးနေတဲ့ လှေတစီး နစ်ပြီးတော့ လူသုံးယောက် သေသွားတယ်။ ဒါတွေကြောင့် မြောက်ဦးသင်္ကြန် အဆုံးသတ်ခဲ့ရတယ်” ဟု ဆိုသည်။

မောင်တော ရခိုင်သင်္ကြန်ကို နှစ်စဉ်ကျင်းပမြဲဖြစ်သည့်အတိုင်း သင်္ကြန်ရက်အတွင်း ဥပုသ်သီလ ဆောက်တည်ကြသော်လည်း အာဏာပိုင်များ၏ မြန်မာ့ရိုးရာ ဗဟိုမဏ္ဍပ် ဆောက်လုပ်ကျင်းပခြင်း မရှိသလို စည်ကားမှု လည်း မရှိခဲ့ကြောင်း သိရသည်။

ထူးခြားချက်တရပ် အနေဖြင့် ယခုနှစ်သင်္ကြန်ပွဲတော်တွင် ရခိုင်လူငယ်များ ရေပက်ခံ ထွက်ခြင်းထက် ဘုန်းကြီးကျောင်းများ၊ တရားရိပ်သာများတွင် ဥပုသ်သီလ ဆောက်တည်ခြင်း၊ တရားအားထုတ်ခြင်းများ ပိုမိုပြုလုပ်ခဲ့ကြသည်ကို တွေ့ရကြောင်း တောင်ကုတ်မြို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးမင်းအောင် က ဆိုသည်။

ပြည်နယ် အစိုးရအနေဖြင့် သင်္ကြန်ပွဲတော်ကို စစ်တွေမြို့၌ ဧပြီ ၁၂ မှ ၁၆ ရက်နေ့ထိသာ ကျင်းပရန် ရည်ရွယ်ခဲ့သော်လည်း ရခိုင်ရိုးရာနှင့်အညီ ဧပြီ ၁၇ ရက် (နှစ်ဆန်းတရက်)နေ့ထိ ကျင်းပခဲ့သည်။

ဧပြီလ ၁၂ ရက်နေ့တွင် ဦးဥတ္တမပန်းခြံ၌ နံ့သာသွေးပြီး ၁၃ ရက်နေ့တွင် အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီး ရေသပ္ပါယ်ခြင်းတို့ကို ပြည်နယ်အစိုးရက ဦးဆောင်ပြုလုပ်ခဲ့ပြီး ရပ်ကွက်များနှင့် တက္ကသိုလ်များကလည်း နံ့သာသွေးခြင်း၊ ဘုရားရေသပ္ပါယ်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။

ဧပြီ ၁၇ ရက်နေ့ မနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရ၏ ဒုတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို ဦးဥတ္တမ ခန်းမတွင် ရပ်ကွက်အသီးအသီးမှ အသက် ၈၀ နှင့်အထက် ၁၀၈ ဦးကို ပူဇော်ကန်တော့ခဲ့ပြီး ညနေ ၆ နာရီတွင် သင်္ကြန်ပိတ်ပွဲကို ဗဟိုမဏ္ဍပ်၌ ပြုလုပ်ခဲ့သည်။

ထို့ပြင် မြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲ ကျင်းပရေးကော်မတီက ကြီးမှူး၍လည်း စစ်တွေမြို့ပေါ်ရှိ အသက် ၈၀ နှင့်အထက် သက်ကြီးရွယ်အို ၈၄၃ ဦးကို ပူဇော်ခဲ့ကြောင်း သိရသည်။

No comments: