Saturday, April 13, 2013

မိုင်းနင်းမိသည့်မြန်မာ့စစ်ကြောင်းမကျေနပ်၍ ရွာသူကြီးအားဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ၌ မိုင်းနင်းမိသည့် မြန်မာ့တပ်မတော်၏ စစ်ကြောင်း သေကြေ ဒဏ်ရာရပြီးနောက်ပိုင်း ကျေးရွာ်အတွင်းဝင်၍ ရွာသားများအား စစ်ဆေးကာရွာသူကြီးကိုပါ ဖမ်းဆီး သွားရာမှ သူကြီးပျောက်ဆုံးနေကြောင်း ရွာသားများပြောပြချက်အရသိရသည်။

“မတ်ခ်ျလတုန်းက သူတို့စစ်ကြောင်းလှည့်ရင်းမိုင်းနင်းမိတဲ့မြန်မာ့တပ်မတော်ရဲ့စစ်ကြောင်း ခမရ ၅၀၁ က ၁၀ ရက်နေ့တုန်းက နမ့်ပိုင်ကျေးရွာအုပ်စုဝင် နားကွန်ရွာထဲဝင်ပြီး သူကြီး ကိုဖမ်းသွားတယ်။ သူပုန် သတင်း သူတို့ကိုမပို့လို့ ဆိုပြီးဖမ်းသွားတာလေ။ ခုထိသူကြီးပျောက်နေတယ်” ဟုဒေသခံစိုင်းနုကပြော သည်။

မတ်ခ်ျလ ၂၈ ကြာသပတေးနေ့ မနက် ၈ နာရီခွဲက နမ္မတူ - မိုင်းရင်ကားလမ်း နှင့် ၉ မိုင်ခန့်ဝေးသော ကောင်းခါးရွာနှင့် ကောင်းဟုန်းရွာကြား၌ မြန်မာစစ်တပ် ခမရ ၅၀၁ က မိုင်းနင်း မိရာ ၂ ယောက်သေ ၄ ယောက်ဒဏ်ရာရခဲ့ကြောင်း နမ္မတူဒေသခံ စိုင်းခမ်းက သျှမ်းသံတော် ဆင့်အားပြောပြဖူးသည်။

ထိုသို့မြန်မာစစ်တပ်ကမိုင်းနင်းမိပြီးနောက်ပိုင်းကျေးရွာအတွင်းဖြတ်သန်းပါက ရွာသားများအား စစ် ဆေးမေးမြန်းမှုများ ဖမ်းဆီးခေါ်ဆောင်မှုများရှိခဲ့ကြောင်း၊ ယခုလည်း နမ့်ပိုင်အုပ်စု နားကွန်ရွာသူကြီး အားဖမ်းဆီးသွားကြောင်း၊ သျှမ်းသူပုန်နှင့်ဆက်သွယ်နေသော်လည်း မိမိတို့အားအကြောင်း မကြားဟု စွပ်စွဲကဖမ်းဆီးသွားကြောင်း ဒေသခံများကပြောပါသည်။

“သျှမ်းတပ်ဖွဲ့က ၁၀ ရက်နေ့တုန်းက ရွာထဲမှာ လူထုနဲ့တွေ့ချင်တယ်လို့ ပြောထားတာရှိတယ်။ အဲဒီ သတင်းသူတို့ကြားသွားလို့နေမှာ” ဟုလည်းစိုင်းခမ်းကပြောသည်။

အဆိုပါ စစ်ကြောင်းလှည့် အဖွဲ့မှာ အင်အား ၁၅၀ ခန့်ရှိပြီး ထိုဒေသတဝိုက် လှည့်ပတ်နေ ကြောင်း ၊ နယ်မြေစိုးမိုးရေးစီမံကိန်းဖြင့် လှည့်နေခြင်းဖြစ်ကြောင်း ရွာသားများကပြောပါသည်။

No comments: