Sunday, April 14, 2013

ကျောက်ဖြူ မဒေကျွန်း ဆန္ဒပြမည့် အစီအစဉ် ရွှေ့ဆိုင်း

နိရဉ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်း ဒေသခံများက တရုတ်ကုမ္ပဏီ CNPC အား ဧပြီလ ၁၁ ရက်နေ့တွင် ဆန္ဒပြမည့် အစီအစဉ်အား အကြောင်း မညီညွှတ်သဖြင့် ရွှေ့ဆိုင်းလိုက်သည်ဟု သတင်း ရရှိသည်။

ယခုကဲ့သို့ အစီအစဉ်အား ရွှေ့ဆိုင်း လိုက်ရခြင်း အဓိက အကြောင်းအရင်းမှာ ပြည်နယ် အစိုးရမှ ခွင့်ပြုချက် မပေး၍ ဖြစ်ကြောင်း ဦးဆောင်လူပ်ရှားရာတွင် ပါဝင်သူ ဦးထွန်းကြည်က နိရဉ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ကို ပြည်နယ် အစိုးရက ခွင့်ပြုပေးတယ်လို့ သိရတဲ့ အတွက် ဆန္ဒပြမယ်လို့ စီစဉ်နေချိန်မှာ ကျောက်ဖြူ ခရိုင် ရဲမှူးကြီးက ပြည်နယ် အစိုးရက ခွင့်ပြုချက် မပေးဘဘူး။ ခင်ဗျား နားကြား လွဲတာသာ ဖြစ်တယ်လို့ ပြောပါတယ်။ ပြည်နယ် အစိုးရက ပြန်ကြားတဲ့ စာထဲမှာတော့ ခွင့်ပြုချက်မပေးနိုင်ဘူးလို့ ပါလာပါတယ်” ဟု ဆိုသည်။

ရွာသား ၂၅၀ ခန့်သည် ဆန္ဒပြရန် စီစဉ်ထားသည့် ဧပြီလ ၁၁ ရက်နေ့ နံနက် (၉) နာရီခန့်တွင် မဒေးကျွန်းတွင် စုဆုံခဲ့ကြပြီး ဆန္ဒပြမည့် အစီအစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

“ လူပေါင်း ၂၅၀ တက်ရောက်ပါတယ်။ ကျွန်းပေါ်မှာရှိတဲ့ ကျောင်းက ဆရာတော်ကြီးလည်း လာပါတယ်။ ရဲတွေက ဒိုင်းကာတွေ၊ တုတ်တွေကို ကိုင်ပြီး ရွာရှေ့က ဖြတ်သွား ဖြတ်လာ လုပ်နေတာကို မြင်တော့ ရွာသားတွေက စိုးရိမ်သလို တစ်ခုခု ဖြစ်မှာကို ကြောက်ကြတယ်။ သင်္က်ြကလည်း နီးနေပြီးဆိုတော့ တစ်ခုခု ဖြစ်ရင် ဒီကာလမှာ မကောင်းဘူးဆိုပြီး အားလုံး ဆန္ဒ သဘောအရ နှစ်ဆန်းနှစ်ရက် ဖြစ်တဲ့ ဧပြီလ ၁၈ ရက်နေ့မှာ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်” ဟု ဦးထွန်းကြည်က ပြောသည်။

ယမန်နေ့က မဒေးကျွန်းပေါ်ရှိရဲသားများသည် ဒိုင်းကာများ၊ တုတ်များကို ကိုယ်စီ ကိုင်ဆောင်ပြီး ရွာသားများကို ဆန္ဒ မပြရဲအောင် ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။ ၎င်းပြင် ရွာသားများ ပြုလုပ်သော အစည်းအဝေးသို့ မြို့နယ် ဒုဦးစီးမှူး ကျော်သူစိုး အပါအ၀င် ၅ ဦး၊ အရပ်ဝတ် ရဲထောက်လှမ်းရေးများနှင့် စသုံးလုံးမှ ထောက်လှမ်းရေးများမှ သတင်း လာယူသည်ဟု သိရသည်။

ကျောက်ဖြူမြို့နယ်မှ မဒေးကျွန်းသည် ရွှေဝဘာဝ ဓါတ်ငွေ့ စီမံကိန်း၏ အဓိကနေရာ ဖြစ်ပြီး အဆိုပါ ကျွန်းတွင် တရုတ် အစိုးရပိုင် CNPC ကုမ္ပဏီမှ ရေနံတင် သဘောင်္များ ၀င်ထွက်သွားလာနိုင်သော ဆိပ်ကမ်း တစ်ခုနှင့် ဂတ်စ်နှင့် ရေနံများ သိုလှောင်နေသော ကွန်ကရစ် တိုင်ကီများများ၊ ဂတ်စ်သိုလှောင်မည့် ကန်များ တည်ဆောက်နေသည်။

ထိုသို့ တည်ဆောက်နေရာတွင် တောင်သူ လယ်သမားများ ပိုင်ဆိုင်သော လယ်ယာမြေများနှင့် ဥယာဉ်ခြံမြေ အများအပြား သိမ်းဆည်းခံခဲ့ရသည်။ လျှော်ကြေးငွေ တချို့ ထုတ်ပေးခဲ့သော်လည်း တောင်သူ လယ်သမားများမှာ အပြည့်အ၀ မရကြဟု ဆိုသည်။ တချို့ အာဏာပိုင်များက သူတို့ပိုင် လယ်မြေများကို မြေရိုင်းမြေ အဖြစ် စာရင်းသွင်း သိမ်းယူကြပြီး နောက်ပိုင်းတွင် တရုတ်ကုမ္ပဏီအား ရောင်းစားကြသည်ဟု သိရသည်။

၎င်းပြင် ကျွန်းသူ ကျွန်းသားများ အသက်မွေးဝမ်းကျောင်း လုပ်ငန်း တစ်ခု ဖြစ်သော ငါးဖမ်းလုပ်ငန်းကိုလည်း ကျွန်း အနီးတွင် လုပ်ကိုင်ခွင့် တားမြစ်ထားသည်ဟု ဆိုသည်။

သို့အတွက် ကျွန်းပေါ်မှ ဒေသခံများသည် စားဝတ် နေရေး အခက်အခဲ ဖြစ်လာကြပြီး သူတို့ နစ်နာ ဆုံးရှုံးမူများ အတွက် ဆန္ဒပြ တောင်းဆိုရန် စီစဉ်လာကြခြင်း ဖြစ်သည်။

ဒေသခံများ၏ ဆန္ဒပြရန် တောင်းဆိုသည့် ခွင့်ပြုချက်အပေါ် မြို့နယ်၊ ပြည်နယ် အဆင့် ဏာပိုင်များက ပယ်ချခဲ့သလို ဆန္ဒပြပါကလည်း အင်အားသုံး နှိမ်နှင်းမည့် အနေအထား ရှိနေကြောင်း သိရသည်။

No comments: