Wednesday, April 3, 2013

ဒေသတွင်းအာဏာပိုင်နှင့်ပေါင်း လောင်းကစားဝိုင်းဖွင့်နေဆဲ

သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဒေသတွင်းအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့်မြို့တွင်း ဆင်ခြေဖုံးရပ်ကွက်များတွင် လောင်း ကစား ဝိုင်းများဖွင့်နေကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။

“ လောင်းကစားဝိုင်းကို ကန်ထရိုက်ဆွဲတာက ကုလားရွှေအုန်းဆိုတဲ့သူပေါ့။ သူက ကျိုင်းတုံသားဘဲ။ သူကအရင်က မိုင်း ယောင်း မြို့နယ် (၀ တပ်ထိန်းချုပ်နယ်မြေ)မှာလောင်းကစားဝိုင်းဖွင့်တယ်။ တြိဂံတိုင်းမှူး ဗိုလ်ချုပ်သန်းထွန်းဦးနဲ့ခင်တော့ အခုနောက်ပိုင်း ကျိုင်းတုံမြို့တွင်းမှာ လောင်းကစားဖွင့်ဖို့ နေရာပေးလာတယ်။ ရဲတွေ၊ စစ်တပ်တွေနဲ့ ပြည်သူ့စစ်တွေ ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေကို လဲ လာဘ်သိပ်ထိုးတယ်လေ။ ” ဟု ကျိုင်းတုံဒေသခံ စိုင်းဆမ်ကပြောပါသည်။

ကျိုင်းတုံမြို့နယ် ကတ်တောင်အုပ်စု၌ လောင်းကစားဝိုင်းနေရာရထားသော ကုလားရွှေအုန်းမှာ ကတ် တောင်အုပ်စု ဥက္ကဌ နှင့် ပြည်သူ့စစ်အတွက် တဖွဲ့လျင် ကျပ် ၅ သောင်း၊ ရဲနှင့်စစ်တပ်အတွက် တရက်လျင် ကျပ် ၁ သိန်းပေးရပြီး၊ လောင်း ကစားဝိုင်းမှရလာသောအကျိုးအမြတ်များကို ၃ ပုံခွဲကာ အထူးရဲများအတွက် တပုံ၊ ၎င်း၏ အဖွဲ့အတွက် ၂ ပုံခွဲဝေကြောင်း အကြောင်းသိသူ ဒေသခံများကပြောသည်။

“ နေပြည်တော်ကလာတဲ့အထူးရဲတွေဆိုလဲ လောင်းကစားဝိုင်းဖမ်းဖို့လာတယ်ဆိုပေမယ့် ဖမ်းတာဆီးတာမတွေ့ရဘူး။ ရဲစခန်းကလဲ - အသုဘအိမ်မှာဆိုရင် ဝေယျာဝစ္စတွေများအောင် ကူတဲ့လူများအောင် သိပ်မကြီးတဲ့ လောင်းကစား ဝိုင်းဖွင့်လို့ရတယ်လို့ပြောထားတာကိုး။ ဦးရွှေအုန်းက ဝင်ငွေရဖို့အတွက်ဆိုရင် ဘယ်သူ့ကိုမှအားမနာ ဘူးလေ။ အသုဘသတင်းယူပေးတဲ့လူ ငှားထားပြီး အသုဘအိမ်မှာဖဲဝိုင်း ၃ ရက်ကနေ ၅ ရက်အထိ ဖွင့်တယ်။ အသုဘစရိတ်အကုန်အကျ တာဝန်ယူတယ်။” ဟု စိုင်းဆမ်က ပြောသည်။

သမ္မတကြီးက တာဝန်စတင်ထမ်းဆောင်စဉ် မြန်မာနိုင်ငံတွင်ဆင်းရဲမွဲတေမှုပပျောက်ရေးအတွက် လောင်းကစား ဝိုင်းများကိုပိတ်ပင်သည်ဟု ကြေငြာခဲ့သော်လည်း ယနေ့တိုင် လောင်းကစားဝိုင်းများပပျောက်ခြင်းမရှိသေးပေ။

No comments: