Tuesday, April 16, 2013

မူစယ် သင်္ကြန် အကြိုနေ့ည အရပ်သား တစ်ဦးအား ရဲတပ်ဖွဲ့များက ရိုက်နှက်

KAWLI

မူစယ်မြို့ သင်္ကြန် အကြိုနေ့ ညမှာ ရဲတပ်ဖွဲ့ဝင် သုံးယောက်နဲ့ အရပ်သား တစ်ယောက်တို့ အချင်းများရန်ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များက အဆိုပါ အရပ်သားကို လက်ထိပ်ခတ်ကာ ရိုက်နှက်မှု တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မူစယ်မြို့ တောင်ရပ်ကွက် တောင်ကျောင်း အဝင်လမ်းမှာ နေထိုင်တဲ့ စိုင်းအောင်ကျော်ငြိမ်း ဟာ ည ၁၀ နာရီ အချိန်မှာ ဆိုင်ကယ်နဲ့ အိမ်သို့ပြန်အရောက်မှာ အိမ်ရှေ့ ပိတ်ရပ်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ခဲရောင် ပေါင်မုန့်(ဗင်)ကားကို ရွှေ့ပေးဖို့ ပြောရာကနေ စတင်အချင်းများရာကနေ အခုလို ရိုက်နှက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အမှန်အတိုင်း ပြောရရင် ကျနော်လည်း မူးပြီးပြန်လာတာ။ အိမ်ရှေ့မှာ ကားတစ်စီး ပိတ်ရပ်ထားတယ်။ ကားမှာ ရဲသုံးယောက်ရှိတယ်။ တစ်ယောက်က ဒုရဲအုပ်ပဲ။ ကျနော်ကတော့ အိမ်ထဲဝင်လို့ ရတာပေါ့။ ဒါပေမယ့် ကျနော့် ဆိုင်ကယ်ကို အိမ်ထဲသွင်းဖို့ မလွတ်ဘူး။ ဒါနဲ့ သူတို့ကား နောက်ဘက်ကို နှစ်တောင်လောက် ရွှေ့ပေးဖို့ ကျနော်ပြောတယ်။ သူတို့ဆီမှာ ကားသော့ မရှိလို့ ရွှေ့လို့ မရဘူး ​ပြောတယ်။ ဟာ သော့မရှိလည်း ကျနော်တက်ပြီး ဂီယာဖြုတ် ကလပ်နင်းပြီး နည်းနည်းလောက် တွန်းရွှေ့လိုက်ရင် ရပါတယ် လို့ ကျနော်က ပြောတော့။ ကားဘာဖြစ်ရင်ညာဖြစ်ရင် ကျနော် တာဝန်ယူနိုင်လား ဘာလားပြောပြီး တစ်ယောက် တစ်ခွန်းနဲ့ စကားများကြတာပဲ။ အဲဒီမှာ ဒုရဲအုပ်က သူတပည့်နှစ်ယောက်ကို ကျနော့်ကို ချုပ်ခိုင်းပြီး လက်ထိပ်ခတ်တယ်။ ပြီးတော့ ကျနော့်ကို ဝိုင်းရိုက်ကြတယ်။ – လို့ စိုင်းအောင်ကျော်ငြိမ်း က ကော့လီကို ပြောပါတယ်။

ရဲများက ဝိုင်းရိုက်နှက်လို့ စိုင်းအောင်ကျော်ငြိမ်း ဟာ ပါးစပ်သွေးထွက်ပြီး မျက်ကွင်းနဲ့ နှစ်ဖက်မှာ ညိုမည်းခဲ့တယ်လို့ သိရပါတယ်။ ခေါင်းလည်း ဖူးယောင်သွားတယ် လို့ အထက်တန်း သူနာပြု တစ်ဦးလည်းဖြစ် စိုင်းအောင်ကျော်ငြိမ်းရဲ့ ဇနီးလည်းဖြစ်သူက ကော့လီကို ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်များက စိုင်းအောင်ကျော်ငြိမ်း ကို ရိုက်နှက်ပြီး ရုံးကိုခေါ်ယူသွားကြောင်း၊ မူးယစ်ရမ်းကားမှုနဲ့ အရေးယူဖို့ စီစဉ်ကြကြောင်း၊ စိုင်းအောင်ကျော်ငြိမ်း ကို ဆေးရုံသို့ ခေါ်ယူပြီး ဆေးစစ်ချက်ယူတဲ့အခါမှာ စိုင်းအောင်ကျော်ငြိမ်း မိသားစုဘက်က ရဲများကို မိမိတို့အိမ်ရှေ့မှာ မိမိတို့မိသားစုဝင်အား ကိုယ်ထိလက်ရောက် စော်ကားမှုနဲ့ အမှုပြန်ဖွင့်မည်လို့ ပြန်လည်ပြောဆိုတဲ့အခါမှာ ဆေးရုံကလည်း ဆေးစစ်ချက်ကို တိတိကျကျ ရေးပေးခြင်း မရှိတော့ကြောင်း၊ စိုင်းအောင်ကျော်ငြိမ်း နဲ့ ဇနီး က ရဲစခန်းသို့ သွားရောက်ပြီး အမှုဖွင့်တိုင်ကြားတဲ့အခါမှာလည်း လက်ခံအမှုဖွင့်ပေးခြင်း မရှိဘဲ တရားရုံးသို့သာ တိုင်ကြားရန် ရဲစခန်းမှ ပြန်လည် ပြောကြားကြောင်း စိုင်းအောင်ကျော်ငြိမ်း က ပြောပြပါတယ်။

သူတို့အချင်းချင်း ပြန်တိုင်ပင်ပြီးတော့ ကျနော့်ကိုလည်း အရေးမယူတော့ဘဲ ၁ နာရီခွဲလောက်မှာ ပြန်လွှတ်လိုက်တယ် – လို့ စိုင်းအောင်ကျော်ငြိမ်း က ပြောပါတယ်။

ကျမတို့ကတော့ ရှုပ်ရှုပ်ရှက်ရှက် အမှုတွေ မလုပ်ချင်ပါဘူး။ ဒါပေမယ့် ကျမတို့ အိမ်ရှေ့မှာ ကျမတို့ဘက် တောင်းတောင်းပန်ပန်နဲ့ လုပ်နေတာကနေ ကျမအမျိုးသားကို အခုလို ရိုက်နှက်စော်ကားလိုက်တာကိုတော့ မခံချင်ပါဘူး။ မူစယ်မှာ ရဲတွေက ဒီလိုကျူးလွန်နေကြတယ် ဆိုတာကို တခြားဒေသက အများပြည်သူတွေ သိတယ်ဆိုရင်ပဲ ကျမတို့ ကျေနပ်လှပါပြီ – လို့ စိုင်းအောင်ကျော်ငြိမ်း ရဲ့ ဇနီးက ကော့လီကို ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင် သုံးဦးအနက် ပါဝင်တဲ့ ဒုတိယရဲအုပ်ရဲ့ အမည်ကတော့ ဦးဆန်းဝင်းနိုင် ဖြစ်တယ်လို့ စိုင်းအောင်ကျော်ငြိမ်းရဲ့ ဇနီး က အတည်ပြု ပြောဆိုပါတယ်။

No comments: