ABC
မြန်မာနိုင်ငံက ၀ါရင့်နိုင်ငံရေးသမား ဦးဝင်းတင်ကို အစိုးရထောင်အာဏာပိုင်တွေက သူထောင်ထဲကနေ လွတ်လာတဲ့အချိန်တုန်းက၀တ်သွားခဲ့တဲ့ ထောင် ၀တ်စုံကိုပြန်ပေးဖို့ တောင်းဆိုနေတယ်လို့ သိရပါတယ်။
အသက် ၈၃နှစ်ရှိပြီး ၀ါရင့်သတင်းစာဆရာကြီးလည်းဖြစ်တဲ့ ဦးဝင်းတင်ဟာ နိုင်ငံရေးနဲ့ဒီမိုကရေစီ ရရှိရေးအတွက် လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံခဲ့ရပြီး ထောင်ထဲမှာ နှစ်ပေါင်းနှစ်ဆယ်လောက် နေခဲ့ရသူဖြစ်ပါတယ်။
ဦးဝင်းတင်ကတော့ သူ့မှာအဲဒီထောင်ဝတ်စုံ မရှိတော့တဲ့အကြောင်းနဲ့ အဲဒီအတွက် ပေးရမယ့် လျော်ကြေးငွေ ကျပ်နှစ်ထောင်ကိုလည်း မပေးနိုင်ဘူးလို့ အေအက်ပီသတင်းဌာနကို ပြောခဲ့ပါတယ်။
နောက်ပြီးတော့ ထောင်ဝတ်စုံကို သူခိုးလာတာမဟုတ်တဲ့အတွက် သူပြန်မပေးနိုင်ဘူးလို့လည်း ဦးဝင်းတင်ကပြောပါတယ်။ အဲဒါအပြင် တရားရုံးကတာဝန်ရှိသူတွေက သူ့ကိုယ်စား အာဏာပိုင်တွေကို လျော်ကြေးငွေပေး ပေးဖို့ပြောတာကိုလည်း လက်မခံခဲ့ဘူးလို့ဆိုပါတယ်။
ငါးနှစ်ကြာပြီးမှာ အခုလိုမျိုး ထောင်ဝတ်စုံကိုပြန်တောင်းတဲ့အပေါ် နားမလည်နိုင်ကြောင်းနဲ့ အခုလိုမျိုးလုပ်တာဟာ ပြည်သူပိုင်ပစ္စည်းခိုးယူမှုနဲ့များ သူ့ကိုတရာစွဲဖမ်းစီးပြီး နောက်ထပ် ထောင်ဒဏ် ၁၀နှစ်လောက်ထပ်ချဦးမလားဆိုပြီး သူ့အနေနဲ့ ယူဆရတဲ့အကြောင်းဦးဝင်းတင်ကပြောပါတယ်။
ဦးဝင်းတင်ဟာ ထောင်ထဲကလွတ်မြောက်လာခဲ့တုန်းက ထောင်ဝတ်စုံကိုအပြင်ဝတ်စုံနဲ့လဲပြီးမှ ထောင်ထဲကထွက်ဖို့ အာဏာပိုင်တွေကပြောသော်လည်း အဲဒီတုန်းကသူ့အနေနဲ့လဲဖို့ ငြင်းဆိုခဲ့ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် အဲဒီနေ့မှာ သူတကယ်လွတ်မြောက်လာမယ်ဆိုတာ မယုံကြည်လို့ ထောင်ဝတ်စုံကို လဲဖို့ငြင်းဆိုခဲ့တာဖြစ်တယ်လို့ပြောပါတယ်။
အရင်စစ်အစိုးရလက်ထက်တုန်းက သတင်းထောက်တွေ၊ နိုင်ငံရေးနဲ့ဒီမိုကရေစီရေးလုပ်ရှားသူတွေ၊ နှစ်ထောင်လောက်ကို ဖမ်းဆီးထောင်ချခဲ့ပြီး ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ အဆိုအရ အခုဆိုရင် နိုင်ငံရေးအကျဉ်းသား နှစ်ရာနှစ်ဆယ်ကျော်လောက် ထောင်ထဲမှာကျန်ရှိနေသေးတယ်လို့ဆိုပါတယ်။
No comments:
Post a Comment