Thursday, April 11, 2013

မြန်မာတရားရေးစနစ် ပြောင်းလဲမှု မရှိလို့ ရှေ့နေ ဦးအောင်သိန်းဆို

ABC

လက်ရှိ ​မြန်မာနိုင်ငံမှာကျင့်သုံးနေတဲ့ ​တရားစီရင်ရေးစနစ်ဟာ ​အရင်စစ်အစိုးရ ​လက်ထက်ကလိုပဲ ​တစ်စုံတစ်ရာ ​ပြောင်းလဲမှုမရှိသေးကြောင်း ​မြန်မာနိုင်ငံ ​ကိုယ်စားပြုတက်ရောက်နေတဲ့ ​Legal ​Performance ​Aid ​Center ​ရှေ့နေ ​ဦးအောင်သိန်းက ​ပြောလိုက်ပါတယ်။

အာရှတိုက်ရှိ ​နိုင်ငံပေါင်း ​၁၁ ​နိုင်ငံ ​က ​တရားသူကြီးတွေ၊ ​ရှေ့နေတွေ ​တက် ​ရောက် ​နေ ​တဲ့ ​ဆွေးနွေးပွဲ ​အတွင်း ​ပြောလိုက်တာဖြစ်ပြီး ​အာရှနိုင်ငံများ ​တရားရေးဆိုင်ရာ ​လွတ်လပ်သော ​အလုပ်ရုံ ​ဆွေးနွေးပွဲကို ​ထိုင်းနိုင်ငံ ​ဘန်ကောက်မြို့မှာ ​၃ ​ရက်ကြာကျင်းကြတာ ​ဖြစ်ပါတယ်။

ဧပြီလ ​၉ ​ရက်နေ့ကစတင်ကျင်းပနေတဲ့ ​ဒီဆွေးနွေးပွဲမှာ ​တခြားနိုင်ငံတွေကလည်း ​သူတို့နိုင်ငံရဲ့ ​အခြေအနေပြောရှင်းပြကြတယ်လို့ ​ရှေ့နေ ​ဦးအောင်သိန်းက ​ပြောပါတယ်။

လောလောဆယ် ​သီရိလင်္ကာမှာ ​ဖြစ်ပျက်နေတဲ့ ​Independence ​of ​the ​judicial ​system ​တွေပေါ့ဗျာ၊ ​အဲဒီသီရိလင်္ကာ ​အဓိကဆွေးနွေးပြီးတော့ ​အခြားအခြားနိုင်ငံတွေကလည်း ​သူတို့ရဲ့တရားစီရင်ရေး ​စနစ်တွေအပေါ်မှာ ​ဆွေးနွေးပြောကြတာပေါ့နော်၊ ​အဲဒီတော့ ​ကျနော်ကလည်း ​ကျနော့်နိုင်ငံရဲ့ ​တရားစီရင်ရေးစနစ်က ​ထူးခြားတဲ့ပြောင်းလဲမှု ​တခုတော့ ​မဖြစ်သေးဘူးပေါ့နော၊ ​အရင်ပုံစံအဟောင်းနဲ့ပဲ ​သွားနေတယ်ဆိုတဲ့ ​အကြောင်းလေးတော့ ​ကျနော် ​အကြမ်းဖျင်းတော့ ​ပြောပြပါတယ်။

လက်ရှိ ​မြန်မာနိုင်ငံက ​တရားသူကြီးချုပ်ဟာ ​စစ်ဥပဒေချုပ်ကနေတဆင့် ​ပြောင်းလဲတာဝန်ပေး ​အပ်ထားတဲ့ ​သူတစ်ဦးဖြစ်သလို ​အုပ်ချုပ်ရေးပိုင်း ​တွေမှာလည်း ​စစ်တပ်ကနေပြီး ​ပြောင်းလဲတာဝန် ​ပေးအပ်ထားသူတွေက ​အမြင့်ဆုံးနေရာတွေမှာ ​တာဝန်ယူ ​အုပ်ချုပ်နေတာဖြစ်ကြောင်းနဲ့ ​မြန်မာနိုင် ​ငံက ​တရားစီရင်ရေးဟာ ​Common ​Law ​တွေနဲ့သွားပြီး ​ညွှန်ကြားချက်တွေနဲ့ ​တရားစီရင်ရေးကို ​ဆောင်ရွက်နေတာ ​မြင်တွေ့နေရတယ်လို့လည်း ​ရှင်းလင်းခဲ့ကြောင်း ​ဆက်ပြောပါတယ်။

ကျနော်တို့ဆီမှာက ​နိုင်ငံရေးအမှုနဲ့ ​ပတ်သက်ရင် ​ပြစ်ဒဏ်တွေက ​အမြင့်ဆုံးပေးတယ်၊ ​အခြားအခြားသော ​အမှုတွေမှာတော့ ​အလျော့အတင်း ​လုပ်လို့ရတယ်၊ ​အဲဒီအလျော့အတင်းလုပ်လို့ရတဲ့ ​အတိုင်းအတာရယ်၊ ​လွတ်ဖို့အတိုင်းအတာရယ်က ​ဒီ ​corruption ​ပေါ့ဗျာ ​ဒီလာဘ်ပေးလာဘ်ယူမှုတွေလည်း ​တချို့နေရာတွေမှာရှိတယ်၊ ​ကျနော်တို့ဒီ ​နိုင်ငံရေးအမှုတွေ ​လှုပ်ရှားတက်ကြွတဲ့သူတွေရဲ့ ​အမှုတွေမှာတော့ ​အဲဒီလိုလဘ်ပေးလဘ်ယူမှုတွေက ​မရှိဘူး၊ ​ယူလည်းမယူရဲဘူး ​ပေးရင်လည်း ​အမြင့်ဆုံးပြစ်ဒဏ်မျိုးကို ​ပေးလေ့ပေးထရှိတယ်ဆိုတဲ့ ​အမှုကို ​ကျနော်တို့က ​တွေ့ရတယ်ဆိုတဲ့ ​အကြောင်းကို ​ကျနော်ဆွေးနွေးပြပါတယ်။

ဒီဆွေးနွေးပွဲမှာ ​နိုင်ငံအသီးသီးက ​ညှည်းပမ်းနှိပ်စက်မှုတွေအကြောင်း၊ ​ရဲတွေနဲ့ ​ပူးပေါင်းလုပ်ဆောင်မှုတွေမှာ ​တရားရုံးတွေက ​ဥပဒေအတိုင်း ​အတိအကျလုပ်ဆောင်တာ ​မရှိတဲ့အကြောင်းတွေကို ​တက်ရောက်လာကြတဲ့ ​ကိုယ်စားလှယ်တွေက ​ဆွေးနွေးခဲ့ကြပြီး ​လွတ်လပ်တဲ့ ​တရားစီရင်မှုတွေကို ​ဘယ်လိုပုံစံနဲ့ ​အကောင်အထည်ဖော် ​ဆောင်ရွက်ကြမလဲ ​ဆိုတာတွေကို ​ဆွေးနွေး ​ခဲ့ကြကြောင်းလည်း ​သိရပါတယ်။

ဒီဆွေးနွေးပွဲကို ​Asia ​Legal ​Resources ​Center ​(ALRC)က ​ဦးဆောင်စီစဉ်ခဲ့တာဖြစ်ပြီး ​ဘင်္ဂလားဒေ့ရှ်၊ ​သီရိလင်္ကာ၊ ​အိန္ဒိယ၊ ​ဖိလိပိုင်၊ ​ပါကစ္စတန်၊ ​အင်ဒိုနီးရှား၊ ​နီပေါ၊ ​တောင်ကိုရီးယား၊ ​ထိုင်း၊ ​ဗီယက်နမ်၊ ​မြန်မာစတဲ့ ​အာရှနိုင်ငံ(၁၁)နိုင်ငံက ​တရားသူကြီးတွေ ​ရှေ့နေတွေ ​တက်ရောက်နေကြတယ်လို့ ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုး ​က ​သတင်းပေးပို့ထားပါတယ်။

No comments: