Thursday, April 4, 2013

လောင်းကစားသမား တရုတ် ၉ ဦးကို တရားရုံးလွှတ်မိန့်ထုတ်သော်လည်း ရဲက ဆက်ဖမ်းထား

သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ တာမိုးညဲ ပြည်သူ့စစ်ပိုင် လောင်းကစားရုံအတွင်း ဖမ်းဆီးမိသည့် တရုတ်နိုင်ငံသား ၉ ဦး၏ အမှုကို မူစယ်မြို့တရားရုံးမှ ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့က ပြန်လည်လွှတ်ပေးရန် အမိန့်ထုတ်ပြန်ခဲ့သော်လည်း ရဲက ဆက်လက် ဖမ်းဆီးထားဆဲ ဖြစ်ကြောင်း သိရသည် ။

လွန်ခဲ့သည့်နှစ်ကုန်ပိုင်းက ၄င်းလောင်းကစားရုံအတွင်း တရုတ်လူမျိုး ၉ ဦးနှင့် မြန်မာ ၇ ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ၄င်းတို့ ၁၆ ဦးအား လောင်းကစားမှုဖြင့် ရဲက ၆ လ ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းကာ တရားစွဲဆိုထားသော အမှု ဖြစ်သည် ။

အဆိုပါ တရားရုံး လွှတ်မိန့်ထုတ်ပြန်အပြီး မြန်မာ ၇ ဦးကို ရဲက ပြန်လွှတ်ပေးလိုက်ပြီး တရုတ်လူမျိုးများအား ဖမ်းဆီး ထားဆဲ ဖြစ်ကြောင်း ရဲအသိုင်းအဝိုင်းနှင့်နီးစပ်သူ မူစယ်မြို့ခံက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“ဒီအဆောက်အဦးထဲမှာ လောင်းကစားဝိုင်းမျိုးစုံရှိတာကိုး။ အဲဒါကို ၀င်ဖမ်းတာပေါ့။ ဥပဒေအရ ဆိုရင် လောင်းကစားမှုမှာ ထိုးသား ၁ နှစ် ဒိုင် ၃ နှစ်ပေါ့ ။ အခု အချုပ် ၆ လချပြီး တရားရုံးက ပြန်လွှတ်လိုက်တာ။ ကိုယ့်နိုင်ငံသားတောင် ၁ နှစ် ကျခံရ တဲ့ ကိစ္စဆိုတော့ ရဲက ဒီလူတွေကို ပြန်မလွှတ်ဘူး။ ဆက်ဖမ်းထားတယ် ” ဟု သူက ဆိုသည် ။

အဆိုပါ တရုတ်လူမျိုးများအား မည်သည့် အချိန်တွင် ပြန်လွှတ်ပေးမည်ကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း တရားခံ များကို နှစ်ဘက် အာဏာပိုင်များ တရားဝင်လွှဲပြောင်းယူသည့် စနစ်များရှိကြောင်း သိရသည် ။

မူစယ်မြို့ရှိ ၄င်းတာမိုးညဲ ပြည်သူ့စစ်ပိုင် လောင်းကစားရုံအနီးတွင် ပန်းဆေးပြည်သူ့စစ်ပိုင် Royal လောင်းကစားရုံ တစ် ခုရှိသေးပြီး လောင်းကစားဝိုင်းများကြောင့် ခိုးဆိုးလုယက်မှုများ ထူပြောခြင်း ဖြစ်ကြောင်း မြို့ခံများအကြား ပြောဆိုနေသည် ။

No comments: