Monday, April 1, 2013

ဂျိတ္တော အုပ်ချုပ်ရေးမှူးနှုတ်ထွက်ပေးရန် ဆန္ဒပြ

ဇင်ကီး

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဂျိတ္တောရွာအုပ်ချုပ်ရေးမှူးမှာ ဘင်္ဂလီများဘက်မှ ရပ်တည်နေသဖြင့် အုပ်ချုပ်ရေးမှူးမှ နုတ်ထွက်ပေးရန် ရွာသားများက မတ်လ ၃၁ ရက်နေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြ တောင်းဆိုရာတွင် ဘင်္ဂလီအလိုတော်ရိ အုပ်ချုပ်ရေးမှူးအလိုမရှိ၊ မော်လဝီ လူလေး နှုတ်ထွက်ပေး၊ ကျေးရွာလူထုကို ကိုယ်စားမပြုသော အုပ်ချုပ်ရေးမှူး အလိုမရှိ၊ ကျေးရွာလူထုကို နှောင့်ယှက်နေသော အုပ်ချုပ်ရေးမှူး အလိုမရှိ၊ ရခိုင်ပြည်ကို ရခိုင်လူမျိုးလောက် မည်သူမျှ မချစ်၊ အစရှိသော ပိုစတာများကို ကိုင်ဆောင်၍ ၈နာရီခွဲကနေ ၁၀နာရီခွဲအထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြကြောင်း လူမှုကွန်ယက်အဖွဲ့ဝင် ကိုစိန်ချစ်က ပြောသည်။

ဂျိတ္တောကျေးရွာတွင် မတ်လ ၂၉ ရက်နှင့် ၃၀ ရက်များတွင် ဘင်္ဂလီ အိမ်တစ်အိမ်နှင့် ရွာသားများ ပဋိပက္ခဖြစ်ပေါ်ခဲ့ရာ အဆိုပါ ပဋိပက္ခတွင် ဦးဆောင်ပါဝင်သူဟု ယူဆရသူများအား ကျေးရွာ အုပ်ချုပ်ရေးမှူ၏ တိုင်းကြားချက်ဖြင့် ရဲစခန်းမှ လာရောက်ဖမ်းဆီးခဲ့ခြင်းအပေါ် အုပ်ချုပ်ရေးမှူးအား နုတ်ထွက်ပေးရန် ရွာသူ၊ ရွာသား ၄၀၀ ခန့်က လတ်တလော ဆန္ဒပြခဲ့ကြကြောင်း ရွာသားတစ်ဦးက ပြောသည်။

သံတွဲမြို့နယ်၊ ဂျိတ္တောကျေးရွာ ဒေါ်အမာနေအိမ်တွင် ဘင်္ဂလီအမျိုးသားနှင့် အမျိုးသမီးတစ်ဦးတို့မှာ ပတ်ဝန်းကျင်မမြင်တွင် မဖွယ်မရာနေထိုင်သဖြင့် မတ်လ ၂၉ ရက်ရက်နေ့က ရွာသားများ ခဲနှင့်ပစ်ပေါက်မောင်းထုတ်ခဲ့သဖြင့် မတ်လ ၃၀ ရက်နေ့ ညတွင် အဆိုပါ ဘင်္ဂလီအမျိုးသမီးမှာ ဓာတ်ဆီများဖြင့် ရောက်ရှိလာခဲ့ရာ ကျေးရွာလူထုမှာ စိုးရိမ်မှုဖြင့် တဖန် မောင်ထုတ်ခဲ့ကြောင်း
သိရပါသည်။

ဂျိတ္တောကျေးရွာ ပဋိပက္ခဖြစ်ပွားရာတွင် ခေါင်းဆောင်သည်ဟု ယူဆကာ ကိုထွန်းဝင်းနှင့် အမျိုးသမီး၂ဦးကို မတ်လ ၃၀ ရက်နေ့ ည ၁နာရီခန့်တွင် သံတွဲမြို့မ ရဲစခန်းမှ လာရောက်ဖမ်းဆီး သွားခဲ့ရာ ရွာသား (၂၀၀) ခန့်မှ ဂျိတ္တောရဲစခန်းရှေ့တွင်စုဝေးကာ ချက်ချင်းပြန်လွှတ်ပေး ရန်တောင်းဆိုခဲ့သဖြင့် မတ်လ (၃၁) ရက်နေ့ နံနက် (၄) ကျော်ခန့် တွင် ပြန်လွှတ်ပေးခဲ့သည်။

"ဒီဖြစ်စဉ်ကလူမျိုးရေးထက် အိမ်ရှင်က ရွာသားတွေနဲ့ နဂိုကတည်းကအဆင်မပြေမှုပိုများပုံရတယ်။ အိမ်ကိုသွားပြီးမေးမြန်းမှုမှာအပြန်အလှန်ထိခိုက်မှုအနည်းငယ်ရှိခဲ့ပေမယ့်စွပ်စွဲခံရသူတွေဟာအမှန်တကယ်ပြစ်မှုကျူးလွန်ကြောင်း အလီဘိုင် မပြနိုင်လို့ပြန်လွှတ် ပေးလိုက်တာပါ"ဟု သံတွဲရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပြသည်။

ဒေါ်အမာမှာ သံတွဲမြို့နယ်၊ ခြံပြင်ကျေးရွာမှာ ပြောင်းရွှေ့လာကာ ဂျိတ္တောကျေးရွာတွင်လာရောက်နေထိုင်ပြီး ဘင်္ဂလီများအား လက်ခံထားသဖြင့် အဆိုပါ မျိုးသမီးအား ကျေးရွာတွင် နေထိုင်ခြင်းကို ရွာသားများက လက်မခံနိုင်ကြောင်းကို အုပ်ချုပ်ရေးမှူးအား တိုင်ကြားခဲ့သော်လည်း အရေးယူဆောင်ရွက်မှု မရှိခြင်း၊ ပဋိပက္ခဖြစ်ပေါ်ရာတွင် အုပ်ချုပ်ရေးမှူးမှ မဟုတ်မမှန် တိုင်ကြားခြင်းကြောင့် ဖမ်းဆီးခံရ၍ ရွာသားများက လတ်တလော ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ဂျိတ္တောရွာမှာ သံတွဲမြို့တောင်ဖက် ၁၀မိုင် အကွာရှိ အိမ်ခြေ ၂၀၀၀ကျော်သည့်ရွာကြီးတရွာဖြစ်ကာ၊ ယခုအခါ ဆန္ဒပြမှု ဖြစ်စဉ်ကြောင့် ခရိုင်ရဲတပ်ဖွဲ့မှူး၊မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ရောက်ရှိနေပြီး လုံခြုံရေးအင်အား ၃၀ကျော် တို့နှင့်အတူ စီမံကွပ်ကဲလျက်ရှိသည်။

တချိန်တည်းတွင် သံတွဲမြို့ပေါ်၌လည်း တပ်နှင့်ရဲတို့ပူးပေါင်းလျက် လုံခြုံရေးအင်အားကို ယခင်ကထက် ပိုမို တင်းကြပ်စွာ ချထားကြောင်းသိရသည်။

ဆန္ဒပြမှုနှင့်ဆက်စပ်၍ ယခုအချိန်ထိ အာဏာပိုင်များကနောက်ထပ်ဖမ်းဆီးမှုတစုံတရာ မရှိသေးသော်လည်း အုပ်ချုပ်ရေးမှူးနေအိမ်တွင် သက်ဆိုင်ရာလူကြီးများ တံခါးပိတ် ဆွေးနွေးနေကြောင်း သိရသည်။

No comments: