Tuesday, April 9, 2013

ဘူးသီးတောင်မြို့နယ် စည်ပင် လေလံ ကြေငြာကို ဆန္ဒပြ ကန့်ကွက်မည်

နိရဉ္စရာ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စည်ပင်မှ လေလံ ကြေငြာတစ်ခုတွင် တည်ဆဲ ဥပဒေများကို ချိုးဖေါက်ပြီး ကြေငြာထားသဖြင့် ဒေသခံများက မြို့နယ် စည်ပင်ကို ဆန္ဒပြကန့်ကွက်သွားမည်ဟု သိရသည်။

ဘူးသီးတောင်မြို့နယ် စည်ပင်သာယာမှ လေလံကြေငြာရာတွင် ၂၀၁၃-၂၀၁၄ ခုနှစ် အတွင်း ဘူးသီးတောင်မြို့နယ် စည်ပင်သာယာ နယ်နမိတ် အတွင်းရှိ ပြည်သူပိုင် လုပ်ငန်းများအား လေလံပစ်ရာတွင် တိုင်းရင်းသား၊ နိုင်ငံသား၊ ဧည့်နိုင်ငံသားများ အနေဖြင့် လေလံများ ဆွဲယူနိုင်ကြောင်း ကြေငြာ ထားသည်ဟု ဆိုသည်။

“ ကျွန်တော်တို့က ဒီလေလံ ကြေငြာဟာ တည်ဆဲ ဥပဒေတွေကို ချိုးဖေါက်နေသလို နိုင်ငံတော်က ချမှတ် ထားတဲ့ စီးပွားရေး မူဝါဒကိုလည်း တိုက်ရိုက် ဆန့်ကျင်နေတယ်လို့ ယူဆတယ်။ နိုင်ငံတော်က ချမှတ်ထားတဲ့ စီပွားရေး ဦးတည်ချက် လေးရပ်ထဲမှာ နောက်ဆုံး အချက်ဖြစ်တဲ့ နိုင်ငံတော် စီးပွားတစ်ရပ်လုံးကို ဖန်တီးနိုင်မူ စွမ်းအားသည် နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူတို့၏ လက်ဝယ်တွင် ရှိရေးဆိုတဲ့ အချက်နဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ အတွက် မတ်လ ၅ ရက်နေ့က စတင်ပြီး ကြေငြာပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီး မြို့နယ် စည်ပင်ကို စတင် ကန့်ကွက်ခဲ့ပါတယ်” ဟု ဘူးသီးတောင်မြို့နယ် ရတပ ပါတီပြောရေး ဆိုခွင့်ရှိသူ ဦးသန်းလိုင်က ပြောသည်။

၎င်းနောက်ပိုင်း မတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် လွှတ်တော်သို့ ထပ်မံ စာရေးကန့်ကွက်ခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသဖြင့် ဧပြီလ ၅ ရက်နေ့က ဘူးသီးတောင်မြို့နယ် စည်ပင်အား ဆန္ဒပြ ကန့်ကွက်ရန် အတွက် မြို့နယ် ရဲစခန်းတွင် ခွင့်ပြုချက် တောင်းခံခဲ့သည်ဟု ဆိုသည်။

“ မြို့နယ် ရဲတပ်ဖွဲ့က တာဝန်ရှိသူ ပြောတာက ခွင့်ပြုချက် တောင်းခံတာ မပြည့်စုံဘူးလို့ ပြောဆိုတဲ့ အတွက် ကျွန်တော်တို့က ပြန်လည် ပြင်ဆင်ပြီးတော့ ဧပြီလ ၆ ရက်နေ့မှာ ထပ်တင်ပါတယ်။ ကျွန်တော်တို့က စည်ပင်သာယာက ကြေငြာကို ပြန်ရုတ်သိမ်းပြီး ပြန်လည် ကြေငြာပေးဖို့ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လိုလားတာက တိုင်းရင်းသားနဲ့ နိုင်ငံသားတွေဘဲ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေကို လေလံ ဆွဲပိုင်ခွင့်ရှိတယ်။ ဧည့်နိုင်ငံသားတွေ ဆွဲပိုင်ခွင့် မရှိဘူး။ ဒါကြောင့် ဧည့်နိုင်ငံသားတွေကို နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေကို ဆွဲပိုင်ခွင့် ရှိတယ်လို့ ကြေငြာမှာ ရေးသားထားတာကို ဖြုတ်ပေးဖို့ တောင်းဆို သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ဆန္ဒပြရန် ခွင့်ပြုချက် တောင်းခံရာတွင် အချက် (၄) ချက်ကို ဆန္ဒပြစဉ် တောင်းဆိုခွင့်ပြုရန် တင်ပြထားသည်ဟု ဆိုသည်။

၎င်းတို့မှာ (၁) ဥပဒေနှင့် အညီ ဆောင်ရွက်ပါ။ (၂) ဥပဒေ၏ အထက်တွင် မည်သူမျှ မရှိစေရ။ (၃) ဥပဒေကို လေးစားပါ။ (၄) ရခိုင်ပြည်နယ် စီးပွားရေး တစ်ရပ်လုံးသည် ရခိုင်ပြည်သူနှင့် တိုင်းရင်းသား ပြည်သူများ လက်ဝယ် ခိုင်မြဲစွာ ရှိနေစေရမည် ဆိုသည့် အချက်များ ဖြစ်သည်ဟု ဆိုသည်။

ဆန္ဒပြခွင့်ကို ဧပြီလ ၁၁ ရက်နေ့တွင် ပြုလုပ်ခွင့်ပေးရန် မြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့သို့ ထပ်မံတင်ပြ တောင်းဆိုထားသည်ဟု ဦးသန်းလိုင်က ပြောသည်။

No comments: