Sunday, April 21, 2013

လနားဇွပ်ဂျာ ဒုက္ခသည်စခန်း တွင် ရေခက်ခဲမှု နေ့စဉ် ရင်ဆိုင်နေရ

KNG

ကချင်ပြည်နယ် ဗန်းမော်ခရိုင် တရုတ်နယ်စပ်ရှိ စစ်ပြေးဒုက္ခသည် ၂၇၀၀ ကျော်ခိုလှုံနေသည့် လနားဇွပ်ဂျာ (Lana Zup Ja) ဒုက္ခသည်စခန်းတွင် သုံးစွဲရန်ရေ အခက်ခဲပြဿနာ နေ့စဉ်ရင်နေရကြောင်းသိရသည်။

သုံးစွဲရန် ရေများခက်ခဲသောကြောင့် လနားဇွပ်ဂျာ (Lana Zup Ja) ဒုက္ခသည်စခန်းတွင် အိမ်သာ ၈၀ ကျော်ရှိသည့်အနက် အိမ်သာ ၃၀ ပိတ်ထားရကြောင်း သိရသည်။

ထိုသို့သုံးစွဲရန်ရေမလုံလောက်ခြင်းကြောင့် လောလောဆယ်ဖျားနာမှုများမရှိသော်လည်း ဆက်လက်၍ ရေပြဿနာများဖြစ်နေလျင် တကိုယ်ရေ သန့်ရှင်းရေးအတွက် ကျန်းမာရေးများ စိုးရိမ်စရာရှိကြောင်း ဒုက္ခသည်စခန်းမှတာဝန်ရှိသူတစ်ဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။

"သုံးရေတွေလိုအပ်နေတယ် အ၀ီစိ ကနေ စုတ်ယူတာ ရေခမ်းတော့ ၃၆ နာရီစုတ်မှ ရေလှောင်ကန်ကြီး ၂ ခု ပြည့်တယ်။ ပြန်သုံးဒါကလည်း ၁ ရက်တောင်မသုံးဘူးဆိုတော့ အရမ်းခက်တယ်" ဟု ပြောသည်။

၎င်းဒုက္ခသည်စခန်းတွင် ရေတွင်း ၃ ခုနှင့် ယမန်နှစ်က ဂရုဏာအဖွဲ့မှပြုလုပ်ထားပေးသော အ၀ီစိရေတွင်း ၁ ခု ရှိသော်လည်း ပူပြင်းသောရာသီချိန် ရေတွင်းမှ ရေများခမ်းခြောက်လာခြင်းကြောင့် ပိုမိုခက်ခဲရင်ဆိုင်ရကာ ရပ်ဝေးသို့သွားခပ်ရသည်ဟု ပြောသည်။

"ရေမရှိတော့ ကျနော်တို့ စခန်းကလည်း ရွာမှာသွားခပ်ရတယ်။ ရွာက လူတွေလည်း ဒုက္ခသည်စခန်းသို့ လာခပ်တယ်။ အဓိက က အိမ်သာရေက အရမ်းခက်ခဲတယ်။ သုံးစွဲရေက သန်းခေါင်မှာခပ်ပြီး သုံးလို့ရသေးတယ်" ဟု လနာ့ဇွပ်ဂျာမှ ဒုက္ခသည်တဦးပြောသည်။

စခန်းရှိ ဒုက္ခသည်လူဦးရေနှင့် ရေတွင်းမှရေသုံးစွဲရန် ညီမျှခြင်းမရှိသောကြောင့် ရေတွင်းများ နောက်ထပ်လိုအပ်နေသော်လည်း ငွေအခက်ခဲဖြစ်နေသောကြာင့် ကူညီမှုများလိုအပ်နေသည်ဟု စခန်းမှတာဝန်ရှိသူများပြောသည်။ ၎င်းဒုက္ခသည်စခန်းတွင် ဒီဇင်ဘာလမှစ၍ ရေတွင်းမှ ရေများစတင်ခမ်းခြောက်လာခြင်းဖြစ်ပြီး ယခုလမှပိုမိုခက်ခဲလာသည်ဟု သိရသည်။

ယခုချိန် ၎င်းဒုက္ခသည်စခန်းတွင် ဂရုဏာအဖွဲ့နှင့် WPN (Wunpawng Ninghtoi) မှ အစားအသောက်များကူညီပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှလည်း အချို့ကူညီပေးနေကြောင်း သိရသည်။

ထို့အတူ လနားဇွပ်ဂျာ (Lana Zup Ja) ဒုက္ခသည်စခန်းမှ ၄ မိုင်ကျော်အကွာရှိ ဒုက္ခသည် ၇၀၀ ကျော်ရှိသော ဘွမ်စစ်ပါ (Bum Tsit Pa) စခန်းတွင်လည်း သုံးရေများ ခက်ခဲနေကြောင်းသိရသည်။

၎င်းဒုက္ခသည်စခန်းတွင် ချောင်းရေမှ ရေပိုက်ဖြင့်သာ သွယ်ယူသုံးစွဲရာ ယခုချိန် ချောင်းရေများ ခမ်းခြောက်လာသောကြောင့် တကိုယ်ရေသန့်ရှင်းမှုအတွက် ရေများခက်ခဲနေကြောင်း သိရသည်။ ဘွမ်စစ်ပါ ( Bum Tsit Pa) ဒုက္ခသည် စခန်းသည် ရေတွင်းတူးရန်ခက်ခဲသည့်နေရာလည်းဖြစ်နေကြောင်းသိရသည်။

"ရေက ချောင်းရေကနေ သွယ်ယူထားတော့ လုံလောက်စွာ သုံးစွဲလို့မရဘူး။ တကိုယ်ရေ သန့်ရှင်းရေးအတွက်ပေါ့။ မိုးတွင်းကျတော့ လုံလုံလောက်လောက်သုံးလို့ရတယ်" ဟု ဘွမ်စစ်ပါမှ စခန်းတာဝန်ရှိသူတစ်ဦးပြောသည်။

အစိုးရထိန်းချုပ်နယ်မြေများရှိ ဒုက္ခသည်စခန်းတွင်သာမက KIO ထိန်းချုပ်နယ်မြေရှိ ဒုက္ခသည်စခန်းများတွင် ရေ လုံလောက်စွာမရရှိသောကြောင့် အကူညီလိုအပ်နေဆဲဖြစ်ပြီး ဝိုင်းမော်မြို့နယ်စစ်ရှောင်စခန်းများတွင်လည်း ထင်းများခက်ခဲနေဆဲဖြစ်ကြောင်းသိရသည်။

No comments: