Monday, April 15, 2013

ကယားမျိုးနွယ်စု ကေ့ထျိုးဘိုးရိုးရာပွဲတော်သို့ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီအဖွဲ့ တက်ရောက်

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်ရဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေအားလုံး အထွတ်အမြတ်ထားတဲ့ ရိုးရာကေ့ထျိုးဘိုး ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပစဉ် ပြည်ထောင်စုအစိုးရဝန်ကြီးများနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကိုယ်စားလှယ်များလည်း ပွဲတော်အခမ်းအနားတွင် တက်ရောက်အားပေးခဲ့ကြပါတယ်။

ရိုးရာပွဲတော်သို့ တက်ရောက်လာတဲ့ KNPP အဖွဲ့ဝင်ကိုယ်စားလှယ်တွေ ပြည်ထောင်စု အစိုးရဝန်ကြီးတွေနှင့် အတူ ပြည်နယ်အစိုးရအဖွဲ့တွေ ယခုလို အတူတကွာ တက်ရောက်အားပေးတာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးဟာ အထူးလိုအပ်နေတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ဆိုပါတယ်။

"ငြိမ်းချမ်းရေးအာဝါသအောက်မှာ ပြည်နယ်တခုလုံး ဒီထက်ဒီထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ များအားလုံးက လက်တွဲပြီးစစ်မှန်တဲ့ ငြိမ်းချမ်းရေးတရပ်ရရှိစေဖို့ ကြိုးပမ်းဆောင်ရွက် စည်းလုံး သွားကြဖို့လိုအပ်တယ်။ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးက မျှော်လင့်စောင့်စား တောင့်တလိုလားနေကြတဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေး ဒီငြိမ်းချမ်းရေးကို အမြန်ဆုံးရရှိ ခံစားစံစားနိုင်ကြပါစေ" ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက အခမ်းအနားမှာ ပြောဆို သွားတာဖြစ်ပါတယ်။

လွိုင်ကော်မြို့နယ် ထေးသမကျေးရွာတွင် ဒီနေ့မနက်အချိန်မှာပဲ တပြည်နယ်လုံးရှိတိုင်းရင်းသားတွေက စုပေါင်းပြီး ကေ့ထျိုးဘိုးတိုင်တော်ကို ဝိုင်းထူခဲ့ကြတာဖြစ်ပြီး ဗုံမောင်များနှင့်အတူ ရိုးရာအကများဖြင့်လည်း ပူဇော်ပသခြင်း အစီအစဉ်တွေ ပြုလုပ်သွားကြပါတယ်။

ကေ့ထျိုးဘိုးဂေါပကအဖွဲ့ချုပ် ဥက္ကဌလည်းဖြစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးပိုးရယ်အောင်သိန်းက ယခုလို ပြောကြားသွားပါတယ်။

"မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ကယားပြည်နယ်ဟာ တိုင်းနဲ့ပြည်နယ်ထဲကကြည့်ရင် ကျနော်တို့ အသေးငယ်ဆုံးနဲ့ လူဦးရေအနည်းဆုံးဖြစ်ပါတယ်။ သို့သော်လည်းပဲ ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံနဲ့ ပတ်သက်ရင် အားမနည်းပါဘူး ကျနော်တို့ အမျိုးသားရေးစိတ်ဓာတ်နဲ့ နေ့စဉ်နေ့တိုင်းကျင်းပနေတာကို ကြည့်ခြင်းအားဖြင့် ဘယ်သူကမှ မဂုဏ်ယူချင်နေ ကျနော်တို့အဖွဲ့တွေကတော့ လေးစား ဂုဏ်ယူမြတ်နိုးပြီးတော့ ထိန်းသိမ်းမြင့်တင်သွားကြရမှာပဲဖြစ်ပါတယ်"

ယခုလိုကာလအချိန်အခါရောက်တိုင်း ရိုးရာကေ့ထျိုးဘိုးပွဲတော်ကို ကျေးရွာတိုင်းပွဲ တော်ကျင်းပကြသလို တပြည်နယ်လုံးအတိုင်းအတာဖြင့်လည်းနှစ်စဉ်နှစ်တိုင်း စုပေါင်းပွဲတော်ကို ကျင်းပလာတာ ၅၅ ကြိမ်နှစ်မြောက်ဖြစ်ပြီး ပွဲတော်ကို တပတ်တိတိ ကျင်းပလေ့ရှိ ကြတာဖြစ်ပါတယ်။

No comments: