Tuesday, April 2, 2013

ရွှေဂက်စ် လုပ်ကွက် လုပ်ပိုင်ခွင့် လွှဲပြောင်းမည့်သတင်း ဒေ၀ူး ငြင်းဆို

လင်းသန်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ကမ်းလွန် ရွှေ သဘာဝ ဓာတ်ငွေ့ လုပ်ကွက်မှ ၎င်းတို့ ၏ လုပ်ပိုင်ခွင့်ကို တခြား ကုမ္ပဏီ တခု သို့ လွှဲပြောင်းသွားမည်ဆိုသည့် သတင်းနှင့်ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံ ဒေ၀ူး ကုမ္ပဏီက ငြင်းဆိုလိုက်ကြောင်း သတင်း ရရှိသည်။

ဒေးဝူး ကုမ္ပဏီသည် ရွှေသဘာဝ စီမံကိန်း လုပ်ပိုင်ခွင့်ကို တခြား ကုမ္ပဏီ တခုသို့ လွှဲပြောင်းမည်ဆိုသည့် ကောလာဟလ သည် အခြေအမြစ်မရှိကြောင်း ဒေ၀ူးကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် မစ္စတာ လီဒေါင်ဟီး ၏ ယမန်နေ့က ပြောကြား ချက် ကို တောင်ကိုရီးယားအခြေစိုက် ကိုရီယားတိုင်းမ် သတင်းတပုဒ်တွင် ဖော်ပြထားသည်။

နာမည်ကြီး POSCO Energy ကုမ္ပဏီကြီးသို့ ဒေးဝူးကုမ္ပဏီက ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်း လုပ်ပိုင်ခွင့်များလွှဲပြောင်း ပေး မည်ဟု ယခင် သီတင်းပတ်က ကောလာဟလများ ထွက်ပေါ်ပြီးနောက် ယခုကဲ့သို့ ဒေ၀ူးကုမ္ပဏီက ငြင်းဆိုခြင်းဖြစ်သည်။

“ကျနော်တို့ ၁၃ နှစ်လောက် စီမံကိန်းကို အားစိုက်လုပ်လာနေချိန်မှာ ဒီလုပ်ပိုင်ခွင့်ကို လွှဲပြောင်းဖို့ဆိုတာ အဓိပ္ပာယ်မှ မရှိတာ”ဟု ဆိုးလ်မြို့ရှိ ဒေ၀ူးကုမ္ပဏီ ရုံးချုပ်၌ ဒေ၀ူး အစုရှယ်ယာဝင်များနှင့် လေ့လာသူများကို မစ္စတာ လီက ပြောဆိုသည်။

လက်ရှိ ရွှေ သဘာဝ ဓာတ်ငွေ့ လုပ်ငန်းသည် မြန်မာအစိုးရ၏ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း(MOGE) နှင့် အတူ အိန္ဒိယ၊ တရုတ်နိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံတို့က ဖက်စပ် လုပ်ကိုင်သည့် စီမံကိန်းလည်းဖြစ်ပြီး လုပ်ငန်း လုပ်ပိုင်ခွင့်များကို လွှဲပြောင်းမည်ဟု ပြောဆိုလာခြင်းသည် လုံးဝ မဖြစ်နိုင်ကြောင်းလည်း သူက ဆက်ပြောသည်။

ဒေ၀ူး၏ ယခုကဲ့သို့ ငြင်းဆိုမှုကြောင့် POSCO ၏ အစုရှယ်ယာ၊ စတော့ရှယ်ယာဈေးများလည်း ကျဆင်းသွားသည်ဟု ကိုရီးယား တိုင်းမ် သတင်းစာက ဆိုသည်။

ရွှေ သဘာဝ ဓာတ်ငွေ့ စီမံကိန်း ဓာတ်ငွေ့ ထုတ်လုပ်ရေး လုပ်ငန်းပိုင်းတွင် ဒေ၀ူး ကုမ္ပဏီမှ ၅၁ ရာခိုင်နှုန်း၊ MOGE မှ ၁၅ ရာ ခိုင်နှုန်း၊ အိန္ဒိယ၏ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ကော်ပိုရေးရှင်းမှ ၁၇.၅ ရာခိုင်နှုန်းနှင့် Gas Authority of India Limited-GAIL မှ ၈.၅ ရာခိုင်နှုန်းနှင့်တောင်ကိုရီးယား ကိုရီးယား ဂက်စ် ကော်ပိုရေးရှင်းမှ ၈.၅ ရာခိုင်နှုန်း ဖြင့် မြှုပ်နှံ လုပ်ကိုင်နေကြောင်း သိရသည်။

ပိုက်လိုင်း တည်ဆောက်မှု လုပ်ငန်း စီမံကိန်းကို တရုတ်နိုင်ငံ၏ အကြီးဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်သည့် China National Petroleum Corporation (CNPC) မှ ၅၁.၉ ရာခိုင်နှုန်းရာခိုင်နှင့် MOGE မှ ၄၉.၁ ရာခိုင်နှုန်း ရာခိုင်ပါဝင်ကြောင်း၊ ဒေ၀ူး ကုမ္ပဏီကလည်း အစုရှယ်ယာ ထပ်မံပါဝင်သေးကြောင်း ရွှေသဘာဝ ဓာတ်ငွေ့ လှုပ်ရှားမှု အဖွဲ့မှ ဦးဝင်းအောင် က ရှင်းပြသည်။

ဒေ၀ူးကုမ္ပဏီသည် ရွှေဂက်စ် စီမံကိန်းတွင် ၂၀၀၄ ခုနှစ်ကတည်းက လုပ်ဆောင်လာသည့် ကုမ္ပဏီလည်းဖြစ်ပြီး ၂၀၀၄ ခုနှစ် မှ ၂၀၀၆ ခုနှစ်အတွင်း ရွှေဂက်စ် လုပ်ကွက် ၃ ခု တွေ့ရှိခဲ့သည်။

ရွှေ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုများကို လာမည့် ဇွန်လတွင် စတင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန် ပြည်နယ်သို့ ပို့ဆောင်မည် ဖြစ်ကြောင်း သိရသည်။

ဒေ၀ူး ကုမ္ပဏီအနေဖြင့် ဂက်စ် ၄.၅ ထရီလျံ ကုဗပေ ပမာဏ ရမည်ဟု ခန့်မှန်းထားပြီး ကိုရီးယားနိုင်ငံအတွက် ၃ နှစ်တာ အသုံးပြုနိုင်မည့် ပမာဏဖြစ်ကြောင်း ပြောဆိုထားသည်။

ရွှေသဘာဝ ဓာတ်ငွေ့ ထုတ်လုပ်မှု လုပ်ငန်းဆိုင်ရာ နားလည်မှု စာချွန်လွှာ စာချုပ်လက်မှတ်ရေးထိုးမှုကို ၂၀၀၁ ခုနှစ် ဇွန်လ တွင် စတင်လုပ်ဆောင်ခဲ့ကြောင်း၊ စီးပွားရေးသဘောအရ အစုရှယ်ယာရှင်များအား မက်လုံးပေးမှုများဖြစ်လေ့ရှိပြီး ထိုကဲ့သို့ကောလာဟလများ မကြာခဏဖြစ်ပေါ်တတ်ကြောင်း ဦးဝင်းအောင်က ဧရာဝတီကို ပြောသည်။

“၂၀၀၉ ခုနှစ်လောက်တုန်းက ဒေ၀ူးဆီက POSCO ကုမ္ပဏီက အစုရှယ်ယာ ၆၀ ရာခိုင်နှုန်း လောက်ကို ၀ယ်လိုက် သေးတယ်၊ POSCO ရဲ့ ရှယ်ယာ ဒေ၀ူးထဲမှာ ဘယ်လောက် အထိ ပါတယ်ဆိုတာ သူတို့ ထုတ်ပြန်တာမျိုး မရှိဘူး”ဟု သူက ဆိုသည်။

ဒေ၀ူးမှ တာဝန်ရှိသူတဦးက ကိုရီးယားတိုင်းမ် သတင်းစာအား ပြောပြချက်အရ POSCO ကုမ္ပဏီသည် ဒေ၀ူး၏ အကြီးဆုံး အစုရှယ်ယာဝင် ဖြစ်ကြောင်း သိရသည်။

လက်တွေ့တွင် ရွှေ သဘာဝ ဓတ်ငွေ့ စီမံကိန်းကြောင့် ဓာတ်ငွေ့ပိုက်လိုင်းချရာ လမ်းတလျှောက်မြေယာသိမ်းမှုများရှိပြီး သဘာဝ ပတ်ဝန်းကျင်၊ လူမှုပတ်ဝန်း ကျင် ထိခိုက်မှုများစွာ ရှိကြောင်း သူက ဆက်ပြောသည်။

“လယ်မြေဧက သိမ်းထားတာ ပိုက်လိုင်း တလျှောက်လုံး ရွာပေါင်း ထောင်ချီတယ်။ စီမံကိန်းလုပ်တဲ့နေရာတွေမှာ အိမ်ခြေ ရာနဲ့ချီပြီး ပြောင်းရွှေ့ရတာတွေရှိတယ်။ လျော်ကြေး တ၀က်တပြက်ရတဲ့ဟာတွေရှိတယ်။ မရတဲ့ဟာတွေရှိတယ်” ဟု ဦးဝင်းအောင်က ဆိုသည်။

ထို့အပြင် ရွှေဂက်စ် စီမံကိန်းကြောင့် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများ အနေဖြင့် ဘ၀ရပ်တည်ရေး လွန်စွာခက်ခဲသွားပြီ ဖြစ်ပြီး စီမံကိန်း၏ စွန့်ပစ်ပစ္စည်းများနှင့် မိုင်းခွဲမှုများကြောင့် သန္တာ ကျောက်တန်းများကို ထိခိုက်ပျက်ဆီးကြောင်း သူက ဆက်ပြော သည်။

“သဘာဝ ပတ်ဝန်းကျင်ဆို်င်ရာ လေ့လာစမ်းစစ်ချက်တွေရယ်၊ လူမှု ဒုက္ခဆိုင်ရာလေ့လာစမ်းစစ်ချက်တွေဆိုတာကို နိုင် ငံရေး ပါတီတွေအပါအ၀င်ပေါ့ ရခိုင်မှာ ရှိတဲ့ နိုင်ငံရေးပါတီတွေအပါအ၀င် ဒေသခံလူတွေကို ဘယ်လိုမှ ပေးသိမှု မရှိတာပါတယ်”ဟု ဦးဝင်းအောင်က ဆိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအနေဖြင့် ဒေသခံပြည်သူများအနေဖြင့် လုံလောက်သည့် ခံစားခွင့်မရကြ သေးကြောင်း၊ အဆိုပါ စီမံကိန်းများသည် ပွင့်လင်းမြင်သာမှု မရှိသည့်နောက်ကွယ်တွင် အဂတိလိုက်စားမှုများ ရှိနေသည့် အတွက် နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးအမြတ်ခံစားရမှုအပိုင်းတွင် လွန်စွာ အားနည်းနေသေးကြောင်း သူက ဆက်ပြော သည်။

ရွှေဂက်စ် လုပ်ငန်းနှင့်ပတ်သက်ပြီး နှစ်ပေါင်း ၃၀ စာအတွက် အကျိုးအမြတ်အဖြစ် အမေရိကန်ဒေါ်လာ ၂၉ ဘီလျံကို မြန်မာ နိုင်ငံက ရမည်ဖြစ်ကြောင်း၊ ရွှေ သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်မှု အကျိုးတူ စီးပွားဖက် လုပ်ကိုင်သူများ အစုအဖွဲ့ အနေဖြင့် အမေရိကန် ဒေါ်လာ ၁၂.၂၈ ဘီလျံ ရရှိမည်ဖြစ်ကြောင်း ရွှေဂက်စ် လှုပ်ရှားမှုအဖွဲ့က ခန့်မှန်း ပြောဆိုသည်။

No comments: