Wednesday, April 17, 2013

မြန်မာ့နိုင်ငံရေးမှာ အမျိုးသမီးတွေ ပိုမိုပါဝင်ခွင့်ပေးသင့်လို့ ဒေါ်စုပြော

ABC

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်ကမြန်မာ့နိုင်ငံရေးလောကမှာ ​အမျိုးသမီးတွေကို ​ပိုမိုပါဝင်ခွင့်ပေးသင့်ကြောင်းနဲ့ ​အမျိုးသမီးတွေဟာ ​အမျိုးသားတွေလောက် ​မမြင့်မြတ်ဘူးဆိုတဲ့အမြင်ကို ​ပြုပြင်ကြဖို့လိုကြောင်း ​ပြောလိုက်ပါတယ်။

ကျိုတိုမြို့မှာ ​ပြုလုပ်ခဲ့တဲ့ ​အမျိုးသမီးနဲ့ ​နိုင်ငံရေး၊ ​လူမှုရေး ​ဆိုင်ရာ ​ဆွေးနွေးပွဲ ​အ ​တွင်း ​ဒေါ်အောင်ဆန်း ​စုကြည်က ​ပြောခဲ့တာဖြစ်ပြီး ​မြန်မာနိုင်ငံ ​လူမှုရေး ​နိုင်ငံရေး ​ပြောင်းလဲမှုအတွင်း ​အမျိုးသမီးတွေရဲ့ ​လုပ်ဆောင်ချက်တွေကို ​အသိအမှတ်ပြုပြီး ​တန်ဖိုးထားရမယ်လို့ ​ပြောသွားခဲ့ပါတယ်။

အိမ်ထောင်တစ်ခုမှာ ​အမျိုးသားနဲ့ ​အမျိုးသမီး ​တန်းတူညီတူမှုရှိရင် ​ပိုမိုကောင်းမွန်တဲ့ ​အိမ်ထောင်ဖြစ်ပြီး ​မြန်မာတို့ရဲ့ ​ဆိုရိုးစကားဖြစ်တဲ့ ​သားကိုသခင်၊ ​လင်ကိုဘုရားဆိုတဲ့ ​အတိုင်း ​ဆက်ဆံသင့်တယ်ဆိုတဲ့ ​စကားဟာ ​သိပ်ပြီးတော့ ​အဓိပ္ပာယ်မရှိလှဘူးလို့ ​ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ​ကျိုတိုတက္ကသိုလ်မှာ ​တနှစ်နီးပါး ​သုသေတီအဖြစ် ​ပညာဆည်းပူးခဲ့ပြီး ​အဲဒီတက္ကသိုလ်ကို ​နှစ်ပေါင်း ​၂၀ ​ကျော်မှာ ​ပထမဆုံးအကြိမ် ​သွားရောက်လည်ပတ်ခဲ့တာ ​ဖြစ်ပါတယ်။

အဲဒီတက္ကသိုလ်မှာ ​မြန်မာနိုင်ငံသားတွေနဲ့အတူ ​ဂျပန်ကျောင်းသားအမြောက်အများက ​ဒေါ်အောင်ဆန်းစုကြည်ကို ​ကြိုဆိုခဲ့ကြပါတယ်။

နေအိမ်အကျယ်ချုပ်ကာလအတွင်း ​စိတ်ရှည်အောင် ​ဘယ်လို ​ကျင့်ကျန်ခဲ့သလဲလို့ ​ကျောင်းသားတစ်ဦးက ​မေးရာမှာ ​ဒေါ်အောင်ဆန်းစုကြည်က ​သူ့အနေနဲ့ ​ဒီမိုကရေစီလမ်းစဉ်ကို ​ရွှေးချယ်ခဲ့တာကြောင့် ​နောက်ပြန်မဆုတ်နိုင်တာဖြစ်တဲ့အကြောင်း ​ကိုယ်ရွှေးချယ်ခဲ့တဲ့လမ်းကို ​အဆုံးထိ ​လျောက်ရမှာဖြစ်ကြောင်း ​ပြန်လည်ဖြေကြားခဲ့ပါတယ်။

မြန်မာနိုင်ငံ ​တိုးတက်မှုနဲ့ ​ပတ်သက်ပြီး ​ဒေါ်အောင်ဆန်းစုကြည်က ​မြန်မာနိုင်ငံမှာ ​တိုးတက်ဖို့အခွင့်အရေးရှိလာတဲ့အကြောင်း ​သာမာန်ပြည်သူတွေဘဝ ​မတိုးတက်မချင်း ​တိုးတက်မှုရှိပြီလို့ ​မပြောနိုင်ကြောင်း ​ဒါကြောင့် ​ခုချိန်မှာဖြစ်နေတဲ့ ​ပြုပြင်ပြောင်းလဲမှုတွေဟာ ​ကျေနပ်စရာမရှိသေးပဲ ​သာမာန်ပြည်သူတွေရဲ့ ​အခြေအနေ ​တိုးတက်မှုရှိဖို့ ​လိုသေးတယ်လို့ ​ပြောပါတယ်။

တရက်တည်းမှာပဲ ​ဒေါ်အောင်ဆန်းစုကြည်က ​Ryukoku ​တက္ကသိုလ်ကိုလည်း ​သွားရောက်လည်ပတ်ခဲ့ပြီး ​ဂုဏ်ထူးဆောင်ဘွဲ့ကို ​လက်ခံခဲ့ပါတယ်။

အဲဒီတက္ကသိုလ်မှာပဲ ​ဒေါ်အောင်ဆန်းစုကြည်က ​မြန်မာနိုင်ငံ ​လူမှုရေး ​စီးပွားရေးပြောင်းလဲမှုတွေမှာ ​ဗုဒ္ဓဘာသာဟာ ​အရေးကြီးကြောင်း ​ပြောခဲ့ပါတယ်။

အဲဒီတက္ကသိုလ်ဟာ ​ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ ​ဘာသာရပ်ကို ​သင်ကြားပေတဲ့ ​တက္ကသိုလ်ဖြစ်ပါတယ်။ ​ဒေါ်အောင်ဆန်းစုကြည်က ​မြန်မာ့လူဦးရေရဲ့ ​၉၀ ​%ဟာ ​ဗုဒ္ဓဘာသာတွေဖြစ်ကြပြီး ​ဗုဒ္ဓဘာသာမဟုတ်သူတွေကို ​တန်းတူညီမျှ ​လေးစားမှု ​ပြုသင့်ကြောင်းလည်း ​ပြောသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​ဂျပန်နိုင်ငံ ​ခရီးစဉ်အတွင်း ​ဂျပန်နိုင်ငံ ​ဝန်ကြီးချုပ် ​ရှင်ဇိုအာဘေနဲ့ ​နိုင်ငံခြားရေးဝန်ကြီး ​ဖူမီယိုကီရှိဒါနဲ့လည်း ​တွေ့ဆုံဖို့ရှိပြီး ​မြန်မာနိုင်ငံမှာ ​ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ ​ဖိတ်ခေါ်နိုင်တယ်လို့ ​သုံးသပ်ကြပါတယ်။

No comments: