Monday, April 22, 2013

ရှေးဟောင်း ရခိုင်လှေကြီး ပြတိုက်တွင် ထားရှိမည်

နိရဉ္စရာ

သမိုင်းသုတေသီတွေက ရခိုင်ရှေးဟောင်းလှေကြီးလို့ ယူဆထားတဲ့ သစ်သားလှေကြီးကို ပြတိုက်တည်ဆောက်ပြီး ထားရှိသွားမယ်လို့ သိရပါတယ်။ ဒါကြောင့် လှေကြီးကို အမိုးအကာအောက်ကို ရောက်ရှိရေး အတွက် ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်း သုတေသန ဌာနက အပူတပြင်း စီစဉ်နေကြတယ်လို့ သတင်း ရရှိပါတယ်။

ခုလို စီစဉ်ရာမှာ သက်ဆိုင်ရာ ရှေးဟောင်း သုတေသနဌာက တာဝန်ရှိသူတွေသာမက ဘင်္ဂလာဒေခ်ျ့ စစ်တပ်နဲ့ ရေတပ်က အရာရှိတွေလည်း ပူးပေါင်း ပါဝင် ဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။

၇၂ ပေထိရှည်ပြီး ၂၃ ပေ အကျယ်ရှိတဲ့ အဲဒီ လှေကြီးကို Kuakata မြို့မှာ ပြတိုက် တစ်ခု ဖွင့်လှစ်ပြီး ပြသ ထားမယ်လို့ ဆိုပါတယ်။ စစ်တပ်နဲ့ ရေတပ် အရာရှိတွေကတော့ လှေကြီးကို ပြောင်းရွှေ့ရေးအတွက် နည်းလမ်းတွေကို ရှာကြံနေကြတယ်လို့ ပြောပါတယ်။

ခုလို လှေကြီးကို ပြတိုက်ပြုလုပ်ပြီး ပြသထားခြင်းဖြင့် အဲဒီဒေသမှာ လာရောက် လည်ပတ်သူတွေ တိုးပွား လာနိုင်တဲ့ အတွက် ခရီးသွား လုပ်ငန်းဟာ တိုးတက်လာနိုင်တယ်လို့ ပြောပါတယ်။

ဒီရှေးဟောင်း လှေကြီး လွန်ခဲ့တဲ့နှစ် ဇွန်လ ၂၉ ရက်နေ့က (ရခိုင် အခေါ် အ၀ကျွန်းဒေသ) ဘင်္ဂလာဒေခ်ျ့ အခေါ် Kuakata ဒေသ ပင်လယ် ကမ်းစပ် သဲသောင်ပြင်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီ လှေကြီးကို ရခိုင်ပြည်က ထွက်ပြေးလာတဲ့ ရှေးလူကြီးတွေ အသုံးပြုခဲ့တာ ဖြစ်နိုင်တယ်လို့ သုတေသီအများက ယူဆထားကြပါတယ်။

၁၇၈၄ ခုနှစ် ရခိုင်ပြည်ကို ဗမာ ဘုရင် ဘိုးတော် ဦးဝိုင်းက ၀င်ရောက် သိမ်းပိုက်ပြီးနောက် စစ်ဘေး စစ်းဒဏ်ကြောင့် ရမ်းဗြဲနဲ့ မာန်အောင်ဘက်က ထောင်သောင်းချီတဲ့ ရခိုင်လူမျိုးတွေဟာ လှေကြီးတွေကို အသုံးပြု ထွက်ပြေး လာခဲ့ကြပြီး အဲဒီ အ၀ကျွန်း ဒေသကို တည်ထောင်ခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ လွှတ်လပ်ရေး ရရှိပြီးနောက် အများစုက ပြည်တော်ပြန်သွားခဲ့ကြပေမယ့် လက်ရှိကာလအထိ အ၀ကျွန်းဒေသမှာ ရခိုင်ရွာပေါင်း (၅၀) နီးပါးခန့် တည်ရှိနေပါသေးတယ်။ ရခိုင်လူမျိုးတွေ ရောက်တုန်းက အဲဒီ ဒေသဟာ တောကြီးမျက်မည်း ဖြစ်ပြီး လူသူနေတဲ့ အရပ် မဟုတ်ဘူးလို့ ရှေ့မှီ နောက်မှီအ၀ကျွန်းဒေသက လူကြီးတွေက ပြောပါတယ်။


No comments: