Sunday, April 21, 2013

စစ်ရှောင်စခန်းမှ ခရစ်ယာန် အမှုတော်ဆောင်များအား ဥပဒေရေးရာ သင်တန်းပို့ချ

KNG

ကချင်ပြည်နယ် တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ နောင်အေခူး (Nawng E Hku) ကျေးရွာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေရေးရာ သင်တန်းကို စစ်ရှောင်စခန်းရှိ ခရစ်ယာန်ဆရာ/မ များအား ဥပဒေအရာရှိများက ပို့ချပေးနေသည်။

ဧပြီ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ လိုင်ဇာဝန်းကျင်စစ်ရှောင်စခန်းများမှ ခရစ်ယာန်ဘာသာ ဓမ္မအမှုတော်ဆောင်ဆရာနှင့်ဆရာမ များအားပို့ချသွားမည်ဖြစ်ကြောင်း သင်တန်းဖြစ်မြောက်ရေး တာဝန်ခံဆရာအောင်ရာ ကပြောသည်။

အဆိုပါဥပဒေရေးရာ သင်တန်းတွင် ယခုလက်ရှိဖြစ်ပွားနေသော နိုင်ငံရေးအဖြစ်အပျက်များကို စစ်ရှောင်စခန်းတွင်ခိုလှုံနေကြသော ပြည်သူများ အမြင်အယူအဆလွှဲမှားမှုမဖြစ်စေရန် ဆွေးနွေးပေးဖို့ အဓိကရည်ရွယ်ခြင်းဖြစ်ကြောင်းသိရသည်။

“မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးခုဖြစ်တဲ့ ၁၉၄၇ အခြေခံဥပဒေ၊ ၂၀၀၈ အခြေခံဥပဒေ၊ Federal ပြည်ထောင်စု ဥပဒေ တွေကို နိုင်းယှဉ်ပြီး တိုင်းရင်းသားများ ပြုပြင်ရေးဆွဲနိုင်မည့် ဥပဒေသစ် အကြောင်းကို အဓိကပို့ချသွားမယ်” ဟု ဥပဒေအရာရှိ ဦးအောင်ထူးက KNG ကချင်သတင်းဌာနသို့ ပြောသည်။

ခရစ်ယာန်ဓမ္မအမှုတော်ဆောင်များက နိုင်ငံရေးလုပ်နေတာမဟုတ်ကြောင်း၊ နိုင်ငံရေးအမြင်များကို စစ်ရှောင်စခန်းတွင်ရှိနေကြသောပြည်သူများလက်ခံနိုင်ရန် ခရစ်ယာန်အသင်းသူ၊ အသင်းသားများအား အထောက်အကူပေးခြင်းသာဖြစ်ကြောင်း အမှုတော်ဆောင်ဆရာအောင်ရာ ကပြောသည်။

တက်ရောက်ခံယူသူများတွင် အမှုတော်ဆောင် ဆရာ၊ ဆရာမများ အဓိပါဝင်ပြီး ကျောင်းသားများလည်း ၁၀ ဦး တက်ရောက်ခဲ့ပြီး စုစုပေါင်း ၅၀ ခန့် ဖြစ်ကြောင်းသိရသည်။

၎င်းသင်တန်းအား ပို့ချပေးသောဆရာများသည် မိုင်ဂျာယန် (Mai Ja Yang) ဥပဒေထောက်အကူပြုကွန်ယက်မှ ဆရာ ၂ ဦးဖြစ်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)မှလည်း လိုအပ်သောငွေကြေးနှင့် အစားအသောက်များ ထောက်ပံ့ပေးကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ဂျေယန့်စစ်ရှောင်၊ မဂါးယန်စစ်ရှောင်စခန်း၊ ဇိုင်းအောင် စစ်ရှောင်စခန်း၊ ဂျန်မိုင် စစ် ရှောင်စခန်း၊ ဖူလွမ်ယန် စစ်ရှောင်စခန်း၊ လိုင်စင် စစ်ရှောင်စခန်း၊ လိုင်ဇာနှစ်ခြင်း အသင်းတော်၊ လိုင်ဇာ လွတ်လပ်သော တိုင်းရင်းခရစ်ယာန်၊ လိုင်ဇာ လီဆူနှစ်ခြင်း၊ လိုင်ဇာ အင်္ဂလီဂန်၊ နောင်အေခူး နှစ်ခြင်း အသင်း တို့မှအမှုတော်ဆောင်များ တက်ရောက်ခဲ့ကြသည်။

No comments: