ABC
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက လက်နက်ကြီးပြစ်ခတ်မှုတွေနဲ့ SSA ရှမ်းပြည်မြောက်ပိုင်းတပ်စခန်းတွေကို ဆုတ်ခွာခိုင်းမှု ဖြစ်ပွားခဲ့တာတွေနဲ့ ပတ်သက်ပြီး ဧပြီလ ၃ ရက်နေ့ ညနေက ရှမ်းပြည်နယ် လားရှိုးမြို့မှာ ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်တွေနဲ့ ရှမ်းခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချူပ်မှာရှိတဲ့ ရွှေလီရိပ်သာမှာ ညနေ ၄ နာရီကစလို့ ၂ နာရီကြာ ဆွေးနွေးခဲ့ကြတာတွေနဲ့ ပတ်သက်ပြီး ရှမ်းပြည် မြောက်ပိုင်း တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်းလ က အခုလို ပြောပါတယ်။
တန့်ယန်းမြို့နယ် အရှေ့မြောက်ပိုင်း စစ်ဌာနချူပ် လက်အောက်ခံ တပ်ရင်းတွေနဲ့ ဖြစ်နေတဲ့ ပြစ်ခတ်မှုတွေပေါ့၊ အဲ့ဒါကို အဓိက ကျနော်တို့ တင်ပြပြီးတော့ ကျနော်တို့ ဆွေးနွေးခဲ့တယ်၊ တိုက်ပွဲတွေ ပြစ်ခတ်မှုတွေ ဖြစ်ရတဲ့ အကြောင်းအရင်းက နယ်မြေရှင်းလင်းရေး လုပ်တာတို့ ကျနော်တို့ တပ်အခြေပြုထားတဲ့ တောင်ကုန်းတွေကို ဖယ်ရှားခိုင်းပြီးတော့ ကျနော်တို့ ပြစ်ခတ်မှုတွေဖြစ်တယ်လေ၊ အဲ့ဒီ ပြစ်ခတ်မှု ဖြစ်ရတဲ့ ဖြစ်စဉ်တွေ ကျနော်တို့ နယ်မြေထဲမှာ ရောက်နေတဲ့ တပ်တွေ ရုတ်ပေးဖို့ အဲ့ဒါကို ကျနော်တို့ တောင်းဆိုတယ်။
ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီအဖွဲ့မှာ အမှတ် ၂ လျှပ်စစ် ၀န်ကြီးဌာန ၀န်ကြီး ဦးခင်မောင်စိုး၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဦးဝင်းမြင့် ဦးဆောင်ပြီး စစ်ဦးစီး ပထမတန်းက အရာရှိနှစ်ဦး ပါဝင်ခဲ့ပြီး SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့ဖက်ကတော့ အထွေထွေအတွင်းရေးမှူး ဦးခွန်ဆိုင်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၄ ယောက်တို့ ပါဝင်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒီဆွေးနွေးပွဲကို ပထမအစီအစဉ်အရ ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဌ ၀န်ကြီး ဦးအောင်မင်း တက်ရောက်ဖို့ သိထားရပေမယ့် အမှန်တကယ်ဆွေးနွေးချိန်မှာ တခြား အလုပ်ကိစ္စကြောင့် မလာရောက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရတဲ့အကြောင်း ဗိုလ်မှူး စိုင်းလ က ပြောပါတယ်။
နှစ်ဖက်တွေ့ဆုံပွဲမှာ တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာနေကြရတဲ့ ကျေးရွာ ၁၄ ရွာက ဒုက္ခသည် ၈၀၀ ခန့် အတွက် ရေရှည် စားဝတ်နေရေး အခက်အခဲဖြစ်လာနိုင်တာကြောင့် အမြန်ဆုံး မူလနေရာတွေမှာ ပြန်လည် နေထိုင်နိုင်ရေးနဲ့ တိုက်ပွဲတွေ ဆက်လက်မဖြစ်ပွားအောင် တောင်းဆိုခဲ့ပေမယ့် အဖြေမရခဲ့ကြောင်း ဗိုလ်မှူး စိုင်းလ က ဆက်ပြောပါတယ်။
အဲ့ဒီ ကိစ္စရပ်တွေ ဖြေရှင်းဖို့ အဲ့ဒီ နှစ်ဖက်တပ်တွေ ထိန်းသိမ်းနိုင်ဖို့ တိုင်းတွေဆီလည်း သူတို့ ပြောပေးပါ့မယ်၊ သမ္မတ ဆီကိုလည်း သူတို့ တင်ပြပေးမယ်ပေါ့၊ လောလောဆယ်ဖြစ်နေတာက သူတို့ အပြစ်တော့ ရပ်ထားခိုင်းတယ်လေ နော့်။ တိကျတဲ့ အဖြေမျိုးတော့ မရသေးပါဘူး၊
ရှမ်းပြည်မြောက်ပိုင်း တပ်မတော်အနေနဲ့ စီးပွားရေး လုပ်ကိုင်ခွင့်နဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် အပြစ်အခတ်ရပ်စဲရေး သဘောတူ စာချူပ်ချုပ်ဆိုချိန်က သဘောတူထားခဲ့တဲ့ ခနောက်စိမ်း နဲ့ ကျောက်မီးသွေး လုပ်ငန်း လုပ်ကိုင်ခွင့် ပါမစ်ကိစ္စ တွေကိုပါ ဆွေးနွေးခဲ့ကြပေမယ့်လည်း အထက်ကို ထပ်မံတင်ပြပေးမယ်လို့သာ အစိုးရကိုယ်စားလှယ်တွေဖက်က ပြန်ကြားပြောဆိုခဲ့တယ်လို့ သိရတဲ့အကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။
No comments:
Post a Comment