Sunday, April 7, 2013

ရဟန်းတော် တစ်ပါးကို ကိုယ်ထိ လက်ရောက် စော်ကားခဲ့သူ နှစ်ဦးကို ဘူးသီးတောင် တရားရုံးက ထောင် (၁၀) နှစ်စီ ချမှတ်

နိရဉ္စရာ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် တရားထိုင်နေသော ရဟန်း တစ်ပါးအား တိုက်ခိုက်ခဲ့သူ နှစ်ဦးကို ပြစ်မူ ထင်ရှား သဖြင့် မြို့နယ် တရားရုံးက ထောင် (၁၀) နှစ်စီ ချမှတ်လိုက်သည်။

“ ဘူးသီးတောင်မြို့နယ် တရားရုံးက ထောင် (၁၀) နှစ်စီ အသီးသီးချမှတ်လိုက်ပါတယ်။ မနေ့က သောကြာနေ့မှာ အမူကို စီရင်ချက် ချတာပါ” ဟု အဆိုပါ အမူကို အနီးကပ် စောင့်ကြည့်နေသူ ဦးသန်းနိုင်က ပြောသည်။

ထောင်ချခံရသူများမှာ ဘူးသီးတောင်မြို့နယ် လက်ဝဲ ပုဇွန်ချောင်းကျေးရွာမှာ ဘင်္ဂလီ အမျိုးသား နှစ်ဦး ဖြစ်သူ မာမတ်အီနုရ်နှင့် ဇူဘိုင်ဆိုသူ တို့ ဖြစ်ကြောင်း သိရသည်။

ဘူးသီးတောင်မြို့ မူခင်းနှိမ်နှင်းရေး တပ်ဖွဲ့မှ ဒုရဲအုပ် တစ်ဦးဖြစ်သူ ဦးမြတ်ဆွေမှလည်း ထောင် (၁၀) နှစ် ချလိုက်သည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

“ မှန်ပါတယ်။ ထောင် (၁၀) နှစ်စီ ချလိုက်ပြီ ဖြစ်ပါတယ်။ ဘယ်အမူတွေနဲ့ ဆိုတော့ ကျွန်တော်က အပြင်ကို ရောက်နေတဲ့ အတွက် အမူနံပတ်တွေကို မပြောနိုင်ပါဘူး” ဟု ဆိုသည်။

ရခိုင်ပြည်နယ် အတွင်း လူမျိုးရေး ဘာသာရေး ပဋိပက္ခများ နောက်ထပ် မဖြစ်ပေါ်စေရန် အာဏာပိုင်များက အပြင်းအထန် ကြိုးစားဆောင်ရွက်နေရာ ရခိုင်အရေးအခင်း အပြီး အဆိုပါ ပုဂ္ဂိုလ် နှစ်ဦးမှာ ပထမဆုံး ထောင်နှစ်ရှည် ချမှတ်ခံရသူ နှစ်ဦး ဖြစ်ကြောင်း သိရသည်။

(ဖြစ်စဉ် အကျဉ်းမှာ အောက်ပါ အတိုင်း ဖြစ်သည်။)

လွန်ခဲ့သော မတ်လ ၂၈ ရက်နေ့ ညနေ ၇ နာရီ ၃၀ မိနစ်ခန့်တွင် ဘူးသီးတောင်ထောင် အနီးရှိ ဓမ္မမဏ္ဍိုင် ဘုန်းတော်ကြီးကျောင်း အနောက်ဘက် တောင်ကုန်း တစ်ခုပေါ်ရှိ ၀ါးတဲ ကျောင်းဆောင် တစ်ခုတွင် တစ်ပါးတည်း တရားထိုင်နေသော ဦးပညာသီရိအား အမည်မသိသူ ဘင်္ဂလီ အမျိုးသား နှစ်ဦးက တိုက်ခိုက်ခဲ့သည်။

အမည်မသိသူ နှစ်ဦးသည် တရားထိုင်နေသော တဲအနီးသို့ ချဉ်းကပ်လာပြီး အရှင်ပညာသီရိထံမှ ဆေးလိပ် တောင်းကြောင်း၊ ဆေးလိပ် မရှိကြောင်း ပြန်လည် ဖြေကြားစဉ် တဲပေါ်သို့ တက်လာပြီး မြေကြီးသို့ ဒရွှတ်တိုက် ဆွဲချကာ ရိုက်ပုတ် ထိုးကြိတ်ခဲ့သည်ဟု
ပြောသည်။

၎င်းနောက်ပိုင်း အရှင် ပညာသီရိမှ တောင်ပေါ်မှ ဆင်းလာပြီး ၎င်းဖြစ်စဉ်အား ဓမ္မမဏ္ဍိုင် ဆရာတော်အား တိုင်ကြားခဲ့သည်ဟု ဆိုသည်။

ဓမ္မမဏ္ဍိုင် ဆရာတော် ဦးနာရပတိမှ ဘူးသီးတောင်ထောင် အာဏာပိုင်များအား အဆိုပါ ဖြစ်ရပ်အား သွားရောက် တိုင်ကြားရာ အခင်းဖြစ်ပြီး နောက်တစ်နေ့တွင် လက်ဝဲတက် ပုဇွန်ချောင်းကျေးရွာမှ မာမတ် အီနုနှင့် ဇူဘိုင်တို့အား ပြစ်မူ ကျူးလွန်သူများ ဖြစ်သည်ဟု သံသယဖြင့် ရဲက ဖမ်းဆီးခဲ့သည်။
သူတို့ နှစ်ဦးအား ပြစ်မူအမှတ် ၄၅/၁၃၊ ပုဒ်မ ၄၅၂/၂၉၅ တို့ဖြင့် ဘူးသီးတောင် ရဲစခန်းတွင် အမှုဖွင့် ခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ဆက်စပ်ပြီး ဘူးသီးတောင်တွင် ဘုန်းကြီး တစ်ပါး အသတ်ခံရသည်ဆိုသော ကောလဟလ သတင်း မြန်မာ-ဘင်္ဂလာနယ်စပ်တွင် ပျံ့နှံ့ သွားခဲ့သဖြင့် လူထု အကြား အထူး စိုးရိမ်မူ တိုးပွားခဲ့သည်။

No comments: