Friday, April 19, 2013

သင်္ကြန်လည်တဲ့ စက်လှေ လေးမြို့မြစ် အတွင်း နစ်ရာမှ ဆယ်ကျော်သက် အရွယ် လူငယ် သုံးဦး သေဆုံး


ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ သင်္ကြန်ကာလအတွင်း တစ်ရွာမှ တစ်ရွာသို့ လည်ပတ်သွားလာနေသည့် စက်လှေ တစ်စီး လေးမြို့မြစ် အတွင်း နစ်မြုပ်ရာမှ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ် နှစ်ဦးနှင့် ယောင်္ကျားလေး တစ်ဦးတို့ ရေနစ် သေဆုံးသွားကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူများမှာ မြောက်ဦးမြို့နယ် ချောင်းသစ်ကျေးရွာမှ ၁၃ နှစ်အရွယ် မနီနီဝင်း၊ မအေးမြင့်နှင့် ပီပင်ကုန်းကျေးရွာမှ အသက် ၁၇ နှစ် အရွယ် မောင်ဝင်းတို့ ဖြစ်ကြသည်။

အဆိုပါ စက်လှေသည် သင်္ကြန် အတက်နေ့ ဧပြီလ ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်က တစ်ရွာနှင့်တစ်ရွာ အကြား သင်္ကြန်လည်ပြီး အပြန် ဂုံကျွန်းကျေးရွာမှ ဆင်အိုးရွာဘက်သို့ လေးမြို့မြစ်ကို ဖြတ်၍ ကူးစဉ် မြစ်လယ်တွင် နစ်မြုပ်သွားခဲ့သည်ဟု ဂုံကျွန်းကျေးရွာက မျက်မြင် အမျိုးသမီးငယ် တစ်ဦးက ပြောသည်။

“ လေပြင်းတွေ တိုက်နေတဲ့ အတွက် မကူးနဲ့၊ မကူးနဲ့ဆိုတဲ့ ကြားက လူတွေ ပြောစကားကို နားမထောင်ဘဲ ကူးတဲ့ အတွက် လိုင်းတွေ အရမ်းထနေတဲ့ မြစ်လယ်မှာ တိမ်းမှောက်ပြီး နစ်သွားပါတယ်။ အနီးအနားက လူတွေက ဆယ်ပေမယ့် ကျန်လူတွေကိုတော့ ရလိုက်တယ်။ သူတို့ သုံးဦးကို မရလိုက်ဘူး” ဟု ဆိုသည်။

စက်လှေနစ်စဉ် စက်လှေပေါ်တွင် လူ (၉) ဦးခန့် ပါဝင်သည်ဟု သိရသည်။

သေဆုံးသွားသူ မနီနီဝင်းနှင့် မအေးမြင့် အလောင်းအား ဧပြီလ ၁၇ ရက် နံနက် ၈ နာရီခန့်တွင် လေးမြို့မြစ်ထဲမှ ပြန်လည် ရှာဖွေတွေ့ရှိခဲ့ပြီး မောင်ဝင်း၏ အလောင်းကို အဆိုပါနေ့ နံနက် ၁၁ နာရီတွင် ရှာဖွေ တွေ့ရှိခဲ့သည်ဟုဆိုသည်။

“ သူတို့ကို သဂြိုလ်လိုက်ပါပြီ။ အလောင်းတွေကို ရတဲ့နေ့မှာ သဂြိင်္ုလ်လိုက်တာပါ” ဟု ချောင်းသစ်ရွာမှ အမျိုးသမီး တစ်ဦးက ပြောသည်။

စက်လှေမနစ်မှီ အဆိုပါနေ့နံနက်နှင့် ညနေပိုင်းတွင် မြောက်ဦးမြို့နယ် အတွင်း မိုးအကြီးအကျယ် ရွာသွန်းခဲ့ပြီး တချို့နေရာများတွင် လေပြင်းနှင့် မိုးသီးလုံးကြီးများ (ရခိုင်အခေါ် မိုးကျောက်များ) အကြီးအကျယ် ရွာချခဲ့သည်ဟု မြောက်ဦးမြို့ ဒေသခံ တစ်ဦးက ပြောသည်။

ထိုကဲ့သို့ မိုးသီးလုံးကြီးများ ရွာချခြင်းကို ယခင်က တစ်ကြိမ်တစ်ခါမျှ မမြင်ဘူးကြောင်း အသက် ၃၀ နှစ်အရွယ် အဆိုပါ လူငယ်က ပြောသည်။

No comments: