Monday, April 15, 2013

မြန်မာနယ်စပ် အနီးရှိ တက်ကနက်မြို့တွင် ယာဘားဆေးပြား ၂၅၀၀၀ နှင့် လူနှစ်ဦးကို ဖမ်းဆီး


ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ဘီဂျီဘီမှ လူငယ် နှစ်ဦးကို ယာဘား ဆေးပြား ၂၅၀၀၀ နှင့် အတူ မြန်မာနယ်စပ် အနီး တက်ကနက်မြို့တွင် သောကြာနေ့ နံနက်က ဖမ်းဆီးလိုက်သည်။

သတင်းအရ တက်ကနက်မြို့နယ်ရှိ နာဂျီယာ ပါရာ ရပ်ကွက် အတွင်းရှိ အိမ်တစ်အိမ်ကို ၀င်ရောက်ရှာဖွေစဉ် ယာဘားဆေးပြား ၂၅၀၀၀ နှင့် အတူ လူငယ် နှစ်ဦးကို ဖမ်းဆီးရမိသည်ဟု ဆိုသည်။ ၎င်းပြင် မော်တော်ဆိုင်ကယ် နှစ်စီးကိုပါ သိမ်းဆည်းခဲ့သည်ဟု ပြောသည်။

အဆိုပါ ဆေးပြား ၂၅၀၀၀ ၏ လက်ရှိ ကာလ ပေါက်ဈေးမှာ တာကာအားဖြင့် သိန်း၈၀ ဖိုးရှိပြီး မြန်မာကျပ်ငွေနှင့် ဆိုလျှင် သိန်း ၈၀၀ ဖိုးရှိကြောင်း သိရသည်။

အဖမ်းဆီးခံရသည့် လူငယ် (၂) ဦးမှာ Samsul Alam (၃၅) နှစ်နှင့် Md Alamgir(၂၂) နှစ်တို့ ဖြစ်သည်။

တက်ကနက် အခြေစိုက် ဘီဂျီဘီ အမှတ် ၄၂ တပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူးကြီး ဇာဟစ်ဟူစိန်က ဖမ်းဆီးရရှိမူကို အတည်ပြုပြောကြားပြီး ယခုအခါ တရားခံ လူငယ် နှစ်ဦးကို ရဲအဖွဲ့သို့ လွှဲပြောင်း ပေးအပ်လိုက်ပြီ ဖြစ်ကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံဘက်က ယာဘားဆေးပြားများ နယ်စပ် လမ်းကြောင်းအမျိုးမျိုးမှ ဘင်္ဂလာဒေခ်ျ့သို့ နေ့စဉ် ၀င်ရောက်နေသဖြင့် ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက တင်းတင်းကျပ်ကျပ် ဥပဒေများ ထုတ်ပြီး နှိမ်နှင်းနေသော်လည်း ယာဘာဆေးပြားများကို နယ်စပ်တွင် မကြာမခဏ ဖမ်းဆီးရရှိနေသည်။

ယာဘားကို ဘင်္ဂလာဒေခ်ျ့တွင် လူကုံတန်း အသိုင်းအ၀ိုင်းနှင့် ကျောင်းသား လူငယ်များအကြားတွင် တွင်တွင်ကျယ်ကျယ် သုံးစွဲနေပြီး သုံးစွဲနေသူ အရေအတွက်မှာလည်း တစ်နေ့ထက် တစ်နေ့ တိုးပွားလာနေသည်ဟု သိရသည်။

No comments: