Friday, April 12, 2013

ရန်ကုန် ရခိုင်သင်္ကြန်ကို ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနမှ သုဝဏ္ဍအားကစားကွင်းတွင် ကြီးမှူးကျင်းပမည်

နိရဉ္စရာ

(၁၀) ကြိမ်မြှောက် ရန်ကုန် ရခိုင်ရိုးရာ သင်္ကြန်ကို သုဝဏ္ဍ အားကစားကွင်းရှေ့တွင် ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနမှ ကြီးမှူးပြီး ရခိုင်ရိုးရာ သင်္က်ြန် ကျင်းပရေး ကော်မီတီမှ တာဝန်ယူ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

“ ကျွန်တော်တို့ ဧပြီလ ၁၂ ရက်နေ့မှာ နံသာသွေးပွဲကျင်းပပါမယ်။ ပါဝင်တဲ့ အသင်းတွေကို ပထမ၊ ဒုတိယနဲ့ တတိယ ဆုတွေကို အသီးသီး ချီးမြှင့်ပါမယ်။ ၁၃ ရက်နေ့ နံနက်မှာတော့ ရခိုင်ဓမ္မာရုံမှာ ဘုရား ရေသပ္ပါယ် ပါမယ်။ အဲဒီ ၁၃ ရက်နေ့ နေ့လည်ကနေမဏ္ဍပ်တွေမှာ ရေစကစားပါမယ်။ ဧပြီလ ၁၆ ရက်နေ့ထိ ရခိုင်ရိုးရာ သင်္ကြန်ကို ကျင်းပသွားမှာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး ရခိုင်ရေးရာဝန်ကြီး ဦးဇော်အေးမောင်က နိရဉ္စရာသို့ ပြောသည်။

ယခုနှစ် ရန်ကုန် ရခိုင်သင်္ကြန်တွင် မြို့နယ်နှင့် အသင်းအဖွဲ့ ကိုယ်စားပြု မဏ္ဍပ် ၉ ပါဝင်မည်ဟု ဆိုသည်။ ယခင်က ရခိုင်ရိုးရာ သင်္ကြန်ကို သိမ်ဖြူကွင်းတွင် ကျင်းပ ပြုလုပ်ခဲ့သော်လည်း အဆိုပါ ကွင်းအား တင်ဒါစနစ်ဖြင့် ရောင်းချလိုက်ပြီ ဖြစ်သဖြင့် ယခုနှစ်တွင် သုဝဏ္ဍ အားကစားကွင်းရှေ့သို့ ရွှေ့ပြောင်း ကျင်းပရခြင်း ဖြစ်ကြောင်း သူက ပြောကြားသည်။

သုဝဏ္ဍအားကစားကွင်းရှေ့သို့ ရွှေ့ပြောင်းကျင်းပသော်လည်း ရန်ကုန် ရခိုင်သင်္ကြန်မှာ ယခုနှစ်တွင်လည်း ပိုမို စည်ကားနိုင်ကြောင်း ၀န်ကြီးက ဆိုသည်။

“ ရန်ကုန် ရခိုင်ရိုးရာ သင်္ကြန် တနှစ်ထက် တနှစ် ပိုစည်ကားလာတယ်ဆိုတာက လူတွေ စိတ်ဝင်စားမူ ပိုများ လာတဲ့ အတွက် ဖြစ်ပါတယ်။ လုပ်တာကြာလာတော့ ရန်ကုန် ရခိုင်သင်္ကြန်ကို လူတွေက ပိုသိလာတယ်။ ဒါ့ပြင် ရန်ကုန်မှာ ရခိုင် လူဦးရေကလည်း ပိုများလာတယ်။ နောက်ပီး ရန်ကုန်မှာ သင်္ကြန် အတော်များများက ရိုးရာ ယဉ်ကျေးမူ ပျောက်သွားပြီ။ ရိုးရာ ယဉ်ကျေးမူကို စောင့်ထိန်းတဲ့ အနေနဲ့ ပြုလုပ်နေတာက ကျွန်တော်တို့ ရခိုင်ရိုးရာ သင်္ကြန် တခုဘဲ ရှိပါတော့တယ်။”
ရခိုင်ရိုးရာ သင်္ကြန်ကို တခြား မြန်မာတိုင်းရင်းသားများ အပါအ၀င် နိုင်ငံခြားသားများက လည်း လာရောက် ပါဝင် ဆင်နွှဲကြသဖြင့် ရန်ကုန် ရခိုင်သင်္ကြန်မှာ အထူးစည်ကားပြီး သင်္ကြန် ရွာလေး တစ်ရွာလို ဖြစ်နေကြောင်း ၀န်ကြီးက ဆိုသည်။

“ ရန်ကုန် ရခိုင်ရိုးရာ သင်္ကြန်ကို တခြား သင်္ကြန်နဲ့ မတူဘူး။ ကျွန်တော်တို့ရဲ့ ဓလေ့ အရ လောင်းလှေတွေမှာ ရေဖြည့်ပြီး အမျိုးသားငယ်တွေနဲ့ အမျိုးသမီးလေးတွေက တစ်ဘက်နှင့် တစ်ဘက် ရေပက်ကြသလို အဆွေခင်ပွန်းရှာဖွေတဲ့ ပွဲလည်း ဖြစ်တယ်။ မိတ်ဆွေ ရှာတဲ့ပွဲလည်း ဖြစ်ပါတယ်။ တစ်ယောက်နဲ့ ချစ်ချစ်ခင်ခင်၊ ယဉ်ယဉ်ကျေးကျေးနဲ့ ရေပက်တယ်။ ဗိုက်ဆာရင် ရခိုင်အစားအစာတွေကို ၀ယ်စားတယ်။ ပီးတော့ ပျင်းရင် စတိတ်ရှိုးကြည့်တယ်။ နောက် ရေလောင်းချင်ရင် ကိုယ်လောင်းချင်တဲ့ အမျိုးသမီးကို ရှာရေလောင်းတယ်။ အင်မတန်မှ အဲဒီနေရာလေးက သင်္ကြန်ရွာလေး တစ်ရွာလို ဖြစ်နေတာပါ။ အဲဒီတော့ အဲဒီရွာမှာ လာပြီး တခြား တိုင်းရင်းသားတွေလည်း အေးအေးဆေးဆေး ခံစားကြပါတယ်။ ဒါကြောင့် တနှစ်ထက် တနှစ်ထက် ပိုစည်ကားလာတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ပြောသည်။

ယခုနှစ် ရန်ကုန် ရခိုင်ရိုးရာ သင်္ကြန်ကို ခါတိုင်းနှစ်များကထက် လုံခြုံရေးကို တိုးမြှင့် ဆောင်ရွက်ရန် စီစဉ်ထားသည်ဟု ဆိုသည်။ သုဝဏ္ဍကွင်းတွင် ကျင်းးပမည့် သင်္ကြန် လုံခြုံရေးနှင့် ပတ်သက်ပြီး ၀န်ကြီးက ယခုလို ပြောသည်။

“ ဒီနှစ် သင်္ကြန်က ခါတိုင်းနှစ်တွေထက် လုံခြုံရေးကို တိုးမြှင့်ပီး တင်းတင်းကျပ်ကျပ် ဆောင်ရွက်ထားပါတယ်။ သရုပ်ပျက် အ၀တ်အစား ၀တ်ဆင်တဲ့သူတွေ၊ အဖျက်အမှောင့် လုပ်မယ့်သူတွေကို ပေးမသွင်းပါဘူး။ လုံခြုံရေးကို မြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ် အုပ်ချုပ်ရေးမှူး အပြင် ရန်ကုန်တိုင်း ဒေသကြီး ရဲမှူးကြီး တို့နဲ့ပါ တိုင်ပင်ညှိနိုင်းပြီး ဆောင်ရွက်ထားပါတယ်။ သုဝဏ္ဍကွင်းထဲမှာရှိတဲ့ လုံထိန်း တပ်ရင်းမှူး ကလည်း ကွင်းလုံခြုံရေးတွေကို ကူညီ တာဝန်ယူပေးဖို့ ကတိပြုထားပါတယ်။ ဒါ့ပြင် ကွင်းအ၀င်၊ စားသောက်ဆိုင်တွေနဲ့ မဏ္ဍပ်တွေမှာ စီစီဒီပီ ကင်မရာတွေ တပ်ဆင်ထားပါမယ်။ မသင်္ကာစရာတွေ့တာနဲ့ ချက်ချင်း အရေးယူ ဆောင်ရွက်ပါမယ်” ဟု ဆိုသည်။

ရခိုင်သင်္ကြန် အတွင်း လေးဝတီ တေးဂီတ အဖွဲ့၊ မောင်မယ်တေးဂီတ အဖွဲ့တွေက ရခိုင် သီချင်းများ၊ ယဉ်ကျေးမူ အကများဖြင့်လည်း ဖြေဖျော်သွားမည်ဟု သိရသည်။

No comments: