Thursday, April 11, 2013

မိတ္ထီလာအပါအ၀င် ပြည်မ၌ဖြစ်ပွားခဲ့သော ပဋိပက္ခများကို ရခိုင်တို့ဖန်တီးခဲ့ခြင်းမဟုတ်ဟု ရခိုင်ပါတီများဆို

ဇင်ကီး

မကြာသေးမီက ပဲခူးတိုင်း ဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများမှာ ရခိုင်ပြည်နယ်ဘက်မှ ၀င်ရောက်ဆောင်ရွက်ခြင်းများကြောင့် ဖြစ်ရကြောင်း စွပ်စွဲပြောဆိုချက်များအား ရခိုင်နိုင်ငံရေးပါတီ နှစ်ခုဖြစ်သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ခေါင်းဆောင်များမှ ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။

" ဒီဟာကတော့ (လုံးဝ) မှားယွင်းတဲ့ ယူဆချက် သုံးသပ်ချက်လို့ ပြောရပါမယ်။ ဗမာပြည်မှာ ဖြစ်တဲ့ကိစ္စတွေ ဟာရခိုင်တွေ ဖန်တီးလို့ဖြစ်တာ မဟုတ်ဘူး။ " ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ငြင်းဆိုသည်။

ထို့အတူ RNDP ပါတီ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောကလည်း ယခုစွပ်စွဲချက်မှာ အခြေအမြစ်မရှိသော စွပ်စွဲချက်ဟု ပြောဆိုလိုက်ပြီး " ဒါကတာဝန်မဲ့ပြောတာပါ။ သက်ဆိုင်ရာကလည်း ဒီလိုမယူဆပါဘူး။ ရခိုင်တွေနဲ့ ဘာမှမပတ်သက်ဘူး။ ကျနော်တို့ဆီမှာ ဖြစ်တာက နှစ်ပေါင်းများစွာ ခိုးဝင်လာသူတွေနဲ့ ဒေသခံရခိုင်တွေကြားမှာ ဖြစ်တဲ့ပြဿနာပါ။ ပြည်မမှာ ဖြစ်တဲ့ပြဿနာနဲ့ မတူပါဘူး။ " ဟု မှတ်ချက်ပြုသည်။

ရခိုင်ဖြစ်စဉ်မှာ မတူညီသောလူမျိုးစုနှစ်ခုမှာ ဆင်းရဲကြပ်တည်းမှုကို နှစ်ဖက်လုံးကြုံတွေ့နေရပြီး၊ နယ်မြေရှိနှင့် နယ်မြေမဲ့တို့၏ ပြဿနာဖြစ်ပြီး၊ မိတ္ထီလာပြဿနာမှာ လူချမ်းသာ မူဆလင် ဘာသာဝင်များက ဒေသခံ တိုင်းရင်းသားတို့အပေါ် ဖိနှိပ်ဆက်ဆံရာမှ ဖြစ်ပွားသော ပြဿနာဟု ရှုမြင်မိကြောင်း ဦးဦးလှစောက သုံးသပ်သည်။

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ရခြင်းအကြောင်းရင်းနှင့် ပတ်သက်၍ ဦးအေးသာအောင်က " ရခိုင်ပြည်နယ်ထဲသို့ ဘင်္ဂလားဒေ့ခ်ျက နည်းမျိုးစုံနဲ့ ၀င်လာတဲ့ ဘင်္ဂလီလူမျိုးတွေဟာ လူဦးရေများလာတဲ့အခါ နယ်မြေကို ကျူးကျော်သိမ်းပိုက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားလာကြတယ်။ ဒီတော့ "ရိုဟင်ဂျာ" ဆိုတဲ့အမည်ကို ခံယူပြီးတော့ တိုင်းရင်းသားဖြစ်ဖို့ သမိုင်းကိုလိမ်ပြီး ကြိုးစားတဲ့အချက်တွေရှိသလို၊ RSO လို လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ရခိုင်ပြည်ကို ၀င်တိုက်ခိုက်တဲ့ လက်နက်ကိုင် ကျူးကျော်တဲ့ ကိစ္စတွေ လည်းရှိတယ်။ " ဟု ထောက်ပြသည်။

တချိန်တည်း၌ ရခိုင်မှာဖြစ်ပွားသည့် အရေးအခင်းကိုကြည့်ပြီး ဘင်္ဂလီတွေရဲ့ ပြည်ထောင်စု နယ်မြေကိုမတရား သိမ်းပိုက်ရန် ဘာသာရေး အစွန်းရောက်များက ဒေသခံတိုင်းရင်းသားကို ရက်ရက်စက်စက် တိုက်ခိုက်နေခြင်းကို မြန်မာတိုင်းရင်းသာများ မြင်တွေ့ရသောအခါ ဘင်္ဂလီလူမျိုးများအပေါ် သံသယ်စိတ်၊ စိုးရိမ်စိတ်များဖြင့် သတိထား စောင့်ကြည့်လာခဲ့ကြကြောင်း၊ သတိထားနေရာက သာကေတဖက်မှာ ဘာသာရေးအရ လူနေအိမ်ယာကို ဘာသာရေး အဆောက်အဦးလုပ်ဖို့ ကိစ္စမျိုးပြီးတော့ လှိုင်သာယာမှာ ဗုဒ္ဓဘာသာဘုန်းကြီးတပါးက တရားခွေ ဖွင့်နေရာ အစ္စလာမ်ဘာသာဝင်တချို့က လာတားတဲ့ကိစ္စမျိုးကို အကြောင်းပြုပြီးတော့ ပြည်မတွင် ပဋိပက္ခ ဖြစ်လာခဲ့ရကြောင်း ၄င်းက Arakan Times နှင့် တွေ့ဆုံမေးမြန်းခန်းတခု၌ ပြောကြားခဲ့သည်။

သို့သော် မတည်ငြိမ်သောဖြစ်စ်စဉ်များကိုအ ခြေခံ၍ ကျောင်သားသမဂ္ဂအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ရခိုင်လူငယ် ကိုရဲမင်းဦးအားမတ်လ ၂၅ ရက်နေ့ လျှို့ဝှက်ဖမ်းဆီးထားခဲ့ပြီး၊ ဧပြီ ၄ ရက်နေ့က တရားရုံးထုတ်ချိန် မီဒီယာသမားများနှင့် တွေ့ဆုံရာတွင် လက်ရှိ အစိုးရသည် မိတ္ထီလာ ကိစ္စတွင် တရားခံရှာမရ၍ ၎င်းအား အဓမ္မအမှုဆင် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ၄င်းက ပြောဆိုထားသည်။

၂၀၁၃၊ မတ်၃၀- ဧပြီ ၅ ရက်စွဲတပ်၍ ပြည်တွင်းထုတ်ဝေသော မြန်မာသံတော်ဆင့် အတွဲ(၂)၊ အမှတ်(၃)တွင်လည်း သမ္မတရုံးနှင့် နီးစပ်သူတဦး၏ ပြောကြားချက်ကို ကိုးကားလျက် " ပဲခူးတိုင်းဒေသကြီးအတွင်း ဆူပူအကြမ်းဖက်မှုများ ရခိုင်ပြည်နယ်ဖက်မှ ၀င်ရောက်လာခြင်းဖြစ်ဟုဆို " ခေါင်းစဉ်ဖြင့် ရေးသားထားသည့် သတင်း၌ပဲခူးတိုင်း ဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများမှာ ရခိုင်ပြည်နယ်ဘက်မှ ၀င်ရောက်ဆောင်ရွက်ခြင်းများကြောင့် ဖြစ်ရသည်ဟု စွပ်စွဲရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

No comments: