ဟင်္သာနီ (မွန်မြေ)
လက်ပံတောင်း အရေးအခင်း ဒဏ်ရာရ သံဃာများအနက် ဒဏ်ရာ အပြင်းထန်ဆုံး ရရှိခဲ့သူ သံဃာတပါး ဖြစ်သည့် ဦးတိက္ခဉာဏသည် ထိုင်းနိုင်ငံ ဗန်ကောက် စစ်ဆေးရုံမှ ဆင်းလာပြီးနောက် စစ်ကိုင်း
တောင်ရိုးရှိ သီတဂူ သံဃာ့ဆေးရုံ၌ ဆက်လက်၍ ကုသမှုများ ခံယူလျက်ရှိနေကြောင်း သားဖြစ်သူ ဒေါက်တာနေသုခ က ပြောသည်။
“အနာတွေ တော်တော် များများ ကတော့ သက်သာသွား ပြီဗျ။ ဆိုတာက အရေပြားပေါ်မှာ ရှိတဲ့ အနာတွေတော်တော်ကောင်းသွားပြီလို့ ပြောလို့ရတယ်။ ဒါပေမယ့် ခြေထောက်တွေမှာကတော့ အသားတွေ ကျုံ့ပြီး အကြောတွေ ဆိုင်းနေတယ်လို့ ပြောရမယ်။ ကောင်းကောင်း မလှုပ်ရှားနိုင်သေးဘူး” ဟု မဇ္ဈိမကို ပြောသည်။
လက်ရှိ အနေအထားတွင် ဆရာတော်မှာ ထိုင်ရန်ပင် မလွယ်ကူသေးဘဲ နဂို ပုံမှန်အတိုင်း အကောင်းပကတိ လမ်းပြန်လျှောက်နိုင်ရန်မှာ များစွာ အချိန်ယူရဦးမည် ဖြစ်သည်။
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ သပိတ်စခန်း ဖြိုခွဲခံရစဉ် မီးလောင် ဒဏ်ရာ ရရှိခဲ့သည့် ခန္ဓာကိုယ်ပေါ်မှ အနာများမှာ သက်သာသွားခဲ့ပြီး ဖြစ်သော်လည်း သုံး၊ လေး လခန့် လှုပ်ရှားမှု မရှိဘဲ ပက်လက် အနေအထားဖြင့် သီတင်းသုံးခဲ့ရ၍ ကြွှက်သား လှုပ်ရှားမှုများ အားနည်းကာ အကြောများလည်း တုံဆိုင်းနေသည့် အနေအထားဖြစ်သည်ဟု ဒေါက်တာ နေသုခ က ဆိုသည်။
မတ်လ ၂၆ ရက်နေ့ ကတည်းကပင် ဗန်ကောက် မှတဆင့် ရန်ကုန်သို့ ပြန်လည် ရောက်ရှိလာခဲ့ကာ သီတဂူ သံဃာ့ဆေးရုံသို့ ပြောင်းရွှေ့၍ ကုသမှု ခံယူခဲ့သည်။
ထိုင်း စစ်ဆေးရုံ၌ တက်ရောက် ကုသခဲ့စဉ်အတွင်း အရေပြား အစားထိုး ကုသမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သော်လည်း ထိုအရေပြားများ ပုံမှန် အလုပ်လုပ်ခြင်း ရှိမရှိ စသည်တို့ကို ဆက်လက် စောင့်ကြည့်ရဦးမည် ဖြစ်သည်။
“အနာတွေ အကင်းသေအောင် ပျောက်ဖို့နဲ့ အသားတွေ ပြန်တက် ဖို့၊ အရေပြားက သူ့အလုပ်သူ ပြန်လုပ်ဖို့ ဥပမာ ချွေးထွက်တာတွေ ဘာတွေ ပြန်ရှိနိုင်မလား မရှိနိုင်ဘူးလား ဆိုတာမျိုးပေါ့။ အဲဒါတွေကို စောင့်ကြည့်ပြီး ဆက်ကုသရမယ့် အနေအထား ရှိပါတယ်” ဟု ကိုနေသုခ က ဆက်ပြောသည်။
လက်ပံတောင်း သပိတ် စခန်းများ ဖြိုခွင်း ခံရ ပြီးနောက်ဒီဇင် ဘာလ ၁၃ ရက်နေ့တွင် ဦးတိက္ခ ဉာဏ ထိုင်းနိုင်ငံသို့ရောက်ရှိခဲ့ကာ ပုဂ္ဂလိက ဘန်ကောက် ဆေးရုံ ကြီးတွင် တက်ရောက် ကုသ နေရာမှ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ထိုင်းအစိုးရ စစ်ဆေးရုံသို့ ပြောင်းရွှေ့ ကုသခဲ့ရသည်။
လက်ရှိ၌မူ သံဃာဆေးရုံ၌ တက်ရောက် ကုသနေသော ဆရာတော်အား ဒေါက်တာ ဒေါ်ဖြူဖြူလွင် က အန္ဒိယနိုင်ငံမှ ဆေးဝါးများဖြင့် အနီးကပ် ကုသပေးနေလျက် ရှိကြောင်း သိရှိရသည်။
နိုင်ငံခြား၌ ရက်ရှည် ကုသမှု ခံယူ ရသဖြင့် ဆရာတော် အနေဖြင့် စိတ်ငြီးငွေ့ခြင်း၊ စကားပြောဖော် မရှိခြင်း၊ အဖော်မဲ့ခြင်း စသည့် ခံစားမှုများ ရှိခဲ့ကာ အနာများလည်း သက်သာလာသဖြင့် မြန်မာပြည်သို့ ပြန်၍ ကုသရန် ဆုံးဖြတ်ရခြင်း ဖြစ်သည်ဟု သားဖြစ်သူ ဒေါက်တာ နေသုခ က မဇ္ဈိမကို ပြောကြားသည်။
No comments:
Post a Comment