ABC
မြန်မာအစိုးရကိုယ်စားလှယ်တွေ စက်မှုထိပ်သီးရှစ်နိုင်ငံ - G8 အစည်းအဝေး တက်ရောက်ခဲ့ရာမှာ G8 ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးတာတွေနဲ့ ပတ်သက်ပြီး Burma Campaign UK အဖွဲ့က ဝေဖန်လိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့အရေးနဲ့ ပတ်သက်ပြီး G8 ခေါင်းဆောင်တွေရဲ့ ဆွေးနွေးမှုတွေမှာ စီးပွားရေးအခွင့်အလမ်းဆိုင်ရာတွေကိုသာ ဆွေးနွေးခဲ့ကြပြီး မြန်မာအစိုးရစစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကို ဆွေးနွေးခဲ့ကြခြင်း မရှိတဲ့အတွက် အတော်လေးစိတ်ပူပန်မိတယ်လို့ Burma Campaign UK အဖွဲ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
G8 နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကို ဦးစားပေးဆွေးနွေးသွားဖို့ ဖြစ်ပေမယ့် အဲဒီ G8 နိုင်ငံခြားရေးဝန်ကြီးတွေကပဲ မြန်မာအစိုးရအရာရှိတွေနဲ့ဆွေးနွေးရာမှာ ကုန်သွယ်ရေးဆိုင်ရာတွေကိုသာ ဆွေးနွေးပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို မဆွေးနွေးကြတာကတော့ မယုံနိုင်စရာပဲလို့ Burma Campaign UK အဖွဲ့က ဇိုရာဖန်းက ပြောထားတဲ့အကြောင်းလည်း ဖေါ်ပြထားပါတယ်။
၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန် အာဏာရလာခဲ့ပြီးနောက်ပိုင်း မြန်မာအစိုးရစစ်တပ်တွေက လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ သတင်းတွေ တိုးမြင့်ပေါ်ထွက်လာနေတယ်လို့လည်း Burma Campaign UK အဖွဲ့က စွပ်စွဲထားပါတယ်။
ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ အစိုးရစစ်တပ်တွေက လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကို တိုးမြှင့်ပြီးအသုံးချနေတယ်ဆိုတာကို လူ့အခွင့်အရေးဆိုင်ရာအဖွဲ့တွေနဲ့ အမျိုးသမီးအဖွဲ့တွေက သေချာမှတ်တမ်းပြုစုထားကြတယ်လို့လည်း Burma Campaign UK အဖွဲ့ရဲ့ ဖေါ်ပြချက်မှာပါရှိပါတယ်။
ပြီးခဲ့တဲ့ မေလတုံးကတော့ G8 ခေါင်းဆောင်တွေက မြန်မာနိုင်ငံက ဒီမိုကရေစီရေးရာပြုပြင်ပြောင်းလဲမှုတွေအတွက် သမ္မတဦးသိန်းစိန်နဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို အတိအလင်း ချီးကျူးပြောဆိုထားခဲ့ကြပါတယ်။
Burma Campaign UK အဖွဲ့ဟာ စစ်အစိုးရအုပ်ချုပ်စဉ်ကာလတွေက မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ပြည်ပကနေတက်တက်ကြွကြွလှုပ်ရှားတဲ့အဖွဲ့အဖြစ် အသိအမှတ်ပြု ခံရပေမယ့် နောက်ပိုင်းမှာ ရိုဟင်ဂျာအရေးကိစ္စလှုပ်ရှားမှုတွေကြောင့် မနှစ်သက်သူတွေက ဝေဖန်တိုက်ခိုက်မှုကိုလည်း ခံခဲ့ရတဲ့ အဖွဲ့ဖြစ်ပါတယ်။
No comments:
Post a Comment