Tuesday, April 23, 2013

မြန်မာမှာ လူမျိုးတုန်းသတ်ဖြတ်မှု ရှိလို့ HRW ပြော

ABC

မြန်မာနိုင်ငံမှာ ​လူနည်းစုတွေအပေါ် ​လူမျိုးတုန်းသတ်ဖြတ်မှုတွေ ​ရှိတယ်လို့ ​လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ ​Human ​Rights ​Watch ​(HRW) ​က ​ပြောပါတယ်။

ရိုဟင်ဂျာလူမျိုးတွေဟာလည်း ​လူသားများအပေါ် ​ကျူးလွန်တဲ့ ​ပြစ်မှုတွေ ​ကျူးလွန်ခံနေရပြီး ​အဲဒီထဲမှာ ​သတ်ဖြတ် ​ခံရမှုတွေ၊ ​ပြစ်ဒဏ်ပေး ​ခံရမှုတွေ၊ ​နှင်ထုတ် ​ခံရမှုတွေနဲ့ ​အတင်းအဓမ္မ ​ပြောင်းရွှေ့ခံရမှုတွေ ​ရှိခဲ့တယ်လို့ ​နယူးယောက်မြို့ ​အခြေစိုက် ​လူ့ ​အ ​ခွင့် ​အ ​ရေး ​စောင့်ကြည့် ​လေ့လာရေး ​အဖွဲ့ရဲ့ ​“လုပ်နိုင်တာ ​ဆုတောင်းရုံပဲ” ​လို့ ​နာမည်ရတဲ့ ​အစီရင်ခံစာမှာ ​ဖော်ပြထားပါတယ်။ 

အဲဒီလို ​နာမည်ပေးရတာကလည်း ​မူစလင်ခေါင်းဆောင်တစ်ဦးက ​ပဋိပက္ခအတွင်း ​မူစလင်လူမျိုးတွေကို ​ကာကွယ်ဖို့ ​စစ်တပ်ကို ​အကူအညီတောင်းတဲ့အခါ ​စစ်တပ်ကိုယ်တိုင်က ​မင်းတို့ ​လုပ်နိုင်တာ ​ဆုတောင်းရုံပဲ ​လို့ ​ပြောခဲ့တဲ့အတွက် ​အစီရင်ခံစာကို ​အဲလို ​နာမည်ပေးတာဖြစ်တယ်လို့ ​အဖွဲ့ရဲ့အကြီးအကဲတစ်ဦးဖြစ်သူ ​Phils ​Robertson ​က ​ရေဒီယိုသြစတြေးလျကို ​ပြောပါတယ်။

မူစလင်လူမျိုးတွေအပေါ် ​ကျူးလွန်တဲ့ ​ပြစ်မှုတွေမှာ ​လူမှုအသိုင်းအဝိုင်းအကြီးအကဲတွေ၊ ​ဗုဒ္ဓသံဃာတော်တွေ ​ပါဝင်တာတွေ၊ ​တွန်းအားပေးတာတွေလုပ်ပြီး ​မြန်မာအစိုးရ ​လုံခြုံရေးတပ်တွေကလည်း ​မျက်ကွယ်ပြုကြတယ်လို့ ​ဖော်ပြထားပါတယ်။

ဒီလိုအခွင့်အရေးချိုးဖောက်မှုတွေနဲ့ ​ပတ်သက်ပြီး ​လူအယောက်ပေါင်း ​၁၀၀ ​ကျော်ကို ​တွေ့ဆုံမေးမြန်းမှုလုပ်ခဲ့ပြီး ​ရခိုင်ပြည်နယ်မှာ ​လူအစုလိုက်အပြုံလိုက် ​မြုပ်နှံခံရတဲ့ ​သင်္ဂျိုင်းမြေ ​၄ ​ခု ​ရှိတယ်လို့လည်း ​ပြောပါတယ်။

ပြီးခဲ့တဲ့ ​ဂျွန်လတုန်းက ​မြန်မာအစိုးရပိုင် ​ထရပ်ကားတစ်စီးကနေ ​အဝတ်တွေ ​မပါတဲ့ ​ခန္စာကိုယ်တွေနဲ့ ​တချို့တဝက်မှာ ​ပါတဲ့ ​ခန္ဓာကိုယ်တွေကို ​ဒုက္ခသည်စခန်းတစ်ခုနားမှာ ​မြေမြုပ်ခဲ့တယ်လို့ ​HRW ​အဖွဲ့ကပြောပြီး ​ဒါဟာ ​ရိုဟင်ဂျာတွေကို ​အပြင်မထွက်အောင် ​ခြောက်လှန့်တဲ့အနေနဲ့ ​ပြုလုပ်တာလို့ ​ယူဆထားကြပါတယ်။

ရိုဟင်ဂျာတွေသာမက ​တခြားမူစလင်တွေလည်း ​ပစ်မှတ်ထားခံနေရတဲ့အတွက် ​မိတ္ထီလာမြို့ ​ပဋိပက္ခဖြစ်ပေါ်ပြီး ​လူပေါင်း ​၄၃ ​ယောက် ​သေဆုံးရတာလို့ ​ပြောပါတယ်။

ဘီဘီစီကရရှိထားတဲ့ ​ဗီဒီယိုတစ်ခုမှာလည်း ​မိတ္ထီလာမြို့ ​ရွှေဆိုင် ​ဖျက်ဆီးခံရတာကို ​ရဲတွေက ​တားဆီးမှုတွေ ​မလုပ်နိုင်ခဲ့တဲ့ပုံတွေ၊ ​ဒဏ်ရာရသူတွေကို ​သာမာန်လူတွေ ​ဖေးမကူညီမှုမလုပ်သလို ​ရဲတွေကိုယ်တိုင် ​လစ်လျူရှုခဲ့တာတွေနဲ့ ​ဒီအကြမ်းဖက်မှုတွေအတွင်း ​ဗုဒ္ဓသံဃာတော်တွေပါဝင်တဲ့ ​ပုံတွေကို ​တွေ့ခဲ့ရပါတယ်။

ဒီအစီရင်ခံစာနဲ့ ​ပတ်သက်ပြီး ​သမ္မတဦးသိန်းစိန်ရဲ့ ​ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ​ဝန်ကြီး ​ဦးရဲထွဋ်က ​ဒီအစီရင်ခံစာဟာ ​မြန်မာနိုင်ငံအပေါ် ​အရေးယူပိတ်ဆို့ထားမှုများကို ​ပြန်လည်သုံးသပ်မယ့် ​ဥရောပသမဂ္ဂရဲ့ ​အစည်းအဝေးနဲ့ ​ချိန်ကိုက်ပြီး ​ထုတ်ပြန်ခဲ့တဲ့အတွက် ​Human ​Rights ​Watch ​ရဲ့လုပ်ဆောင်ချက်ကို ​မေးခွန်းထုတ်စရာ ​ဖြစ်နေတဲ့အကြောင်း ​တစ်ဘက်သတ်ရရှိတဲ့ ​သတင်းတွေကိုသာ ​အခြေခံရေးသားထားတဲ့အပြင် ​အစီရင်ခံစာပါ ​စကားလုံးအသုံးအနှုန်းတွေဟာလည်း ​လက်ခံနိုင်ဖွယ်မရှိဘူးလို့ ​ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ​ဒီအစီရင်ခံစာအပေါ် ​အလေးထားမှာမဟုတ်ပဲ ​တရားဝင်ဖွဲ့စည်းထားတဲ့ ​စုံစမ်းစစ်ဆေးရေး ​ကော်မရှင်ရဲ့ ​တွေ့ရှိချက်တွေ၊ ​အကြံပေးချက်တွေကိုပဲ ​အလေးထား ​အကောင်အထည်ဖော်မယ်လို့ ​ဖေ့စ်ဘွတ်စာမျက်နှာမှာ ​တုန့်ပြန် ​ထားပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ ​အဲဒီအစီရင်ခံစာကို ​ထုတ်ပြန်ဖို့ ​သတ်မှတ်ရက် ​ကျော်လွန်ပြီး ​၄ ​ကြိမ်တိုင်တိုင် ​ထုတ်ပြန်မှုမလုပ်သေးပဲ ​နှောင့်နှေးကြန့်ကြာနေတာ ​ဖြစ်ပါတယ်။

No comments: