Thursday, April 18, 2013

မြန်မာနှစ်သစ်ကူးကာလ SSPP/SSA နှင့် အစိုးရတပ် တိုက်ပွဲအပြင်းအထန်ပြန်ဖြစ်

သျှမ်းသံတော်ဆင့်

သင်္ကြန်အတက်နေ့နှင့် နှစ်ဆန်းတရက်နေ့က သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း လွယ် စေးဒေသ၌ မြန်မာအစိုးရတပ် နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်း ရပ်ကွက်ကဆိုသည်။

“မနေ့ကရော တနေ့ကရောဘဲ။ ကျနော်တို့စခန်းဘက်ကို အင်နဲ့အားနဲ့တက်လာတော့ တိုက်ပွဲဖြစ်တာ။ သူတို့ ၄ ဦး သေတယ်။ ၈ ဦးဒဏ်ရာရတယ်” ဟု သျှမ်းပြည်တိုးတက်ရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလက သျှမ်းသံတော် ဆင့်အား ပြောသည်။

ဧပြီလ ၁၅ နှင့် ၁၆ ရက် ၂ ရက်စလုံး မြန်မာစစ်တပ် ခလရ ၃၃ နှင့် ၂၉၁ က တန့်ယန်းမြို့နယ် လွယ်စေးကျေးရွာ အုပ်စု လွယ်စေးတောင်တပ်စခန်းအား အစိုးရတပ် တပ်ရင်းသုံးရင်းဖြင့် တိုက်ခိုက်ကြောင်း၊ တပ်ရင်းနှစ်ရင်းက ဦးတည်တိုက်ခိုက်ပြီး ကျန်တပ်ရင်းတရင်းက နောက်တန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ပေးခဲ့ကြောင်း၊ နှစ်ရက်စလုံး နံနက် ၉ နာရီမှ ၁၂ ခွဲခန့်အထိ တိုက်ပွဲ ဖြစ်ပွားကြောင်း ရှေ့တန်း ရောက် SSPP/SSA တပ်မှူးတဦးက ပြောသည်။

တန့်ယန်းမြို့ပေါ် ရောက်စစ်ပြေး ဒုက္ခသည်များအနက် ရွာပြန်၍ ကျွဲနွားသွားကြည့်သော ရွာသား ၂ ဦးလည်း သေနတ် ထိမှန်ဒဏ်ရာရခဲ့သည်ဟု ရွာသားများကပြောသည်။

“ပထမရက်တုန်းက သူတို့ရွာထဲကနေ ကျနော်တို့တပ်စခန်းကို လက်နက်ကြီးနဲ့လှမ်းထုတယ်။ ကျနော်တို့က ချက် ခြင်းပြန်မတိုက်နိုင်ဘူး။ စစ်ကူလာတဲ့ စစ်ကြောင်းက ကျနော်တို့စခန်းဘက်တက်လာမှ ကျနော်တို့ ပြန်တိုက်နိုင်တာ။ ဒဏ်ရာရတာက ဟွေနမ့်ပူ ရွာသား လို့ပြောတယ်” - ဟု အဆိုပါ တပ်မှူးက ပြော ပါသည်။

“ကျနော်တို့ဘက်ကတော့ စစ်ရေးအရ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ စစ်အင်အား အသင့်ပြင်ဆင်ထား ပါတယ်။ ရမခ တိုင်းရုံးက အောက်ခြေတပ်ရင်းတွေကို ဘယ်နည်းဘဲဖြစ်ဖြစ် အဲဒီဒေသကို အားလုံးစိုးမိုး နိုင်ရမယ်လို့ ညွှန်ကြားပြီးပြီ” - ဟု ရမခ တိုင်းရုံးနှင့် နီးစပ်သည့် SSPP တပ်ဖွဲ့ဝင် လားရှိုးသားတဦးက ပြောသည်။

မြန်မာ့တပ်မတော်နှင့် သျှမ်းပြည်တပ်မတော်တို့၏ စစ်ရေးတင်းမာမှုကြောင့် တန့်ယန်းမြို့ အောင်မင်္ဂလာဘုန်းကြီး ကျောင်းရောက် စစ်ပြေးဒုက္ခသည် ၄၃၁ ကျော်အနက် ပြီးခဲ့သည့်ကြာသပတေးနေ့ ဧပြီလ ၁၁ ရက်နေ့က စစ်မြေပြင်နှင့် ဝေးသောရွာမှ ရွာသား ၃၀ ကျော် နေရပ်ပြန်သွားပြီဖြစ်သည်။ ယခု အောင်မင်္ဂလာကျောင်း၌ ကျန်နေသေးသော ဒုက္ခ သည် ၄၀၀ ကျော်မှာ နေ့စဉ်စားသောက်ရေး အတွက် လိုအပ်နေသေးကြောင်း ကျောင်းထိုင်ဆရာတော်ကပြောသည်။ အခြားဆွေမျိုးများရှိရာသို့ ခိုလှုံသူ စစ်ဘေးရှောင်သူဦးရေ နှင့်ပေါင်းလျှင် ဒုက္ခသည် ဦးရေ ၁၀၀၀ ကျော်ရှိနေသေး ကြောင်း တန့်ယန်းမြို့ခံများက ပြောသည်။

No comments: