Monday, October 7, 2013

ဖြစ်ပွားခဲ့သော ပြဿနာများကြောင့် ကျောင်းကုန်းတွင် လုံခြုံရေးများ ချထားရ

မင်းမင်း | တနင်္လာနေ့၊ အောက်တိုဘာလ ၀၇ ရက် ၂၀၁၃

လက်ရှိတွင်မူ အခြေအနေကောင်းမွန်ဟု ဒေသခံများ ဆို

အောက်တိုဘာ ၅ ရက် ညပိုင်းက ဖြစ်ပွားခဲ့သော ပြဿနာများကြောင့် ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၌ ရဲနှင့် စစ်တပ်များ လုံခြုံရေးချထားရသည်ဟု အောက်တိုဘာ ၆ ရက်တွင် ကျောင်းကုန်းဒေသခံများ က မဇ္ဈိမကို ပြောသည်။

အောက်တိုဘာ ၅ ရက်က ဖြစ်ပွားခဲ့သောဖြစ်စဉ်မှာ ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ဘာသာမတူသည့် လူမျိုးခြားတစ်ဦးက အဓမ္မပြုကျင့်ခဲ့သည်ဟု ဆိုသည့် စွပ်စွဲချက်ဖြင့် ည ရှစ်နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်တွင် လူပေါင်း ရာနှင့်ချီ၍ ပါဝင်သည်ဟု ဒေသခံများက ဆိုကြပြီး အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ခဲ့သည်ဟု ဆိုသည့် ကျောင်းကုန်းမြို့ အမှတ် (၂) ဗောဓိကုန်းရပ်ကွက်ရှိ ဦးလှဝင်း၏ နေအိမ် တစ်လုံးအပြင် ၎င်းဆွေမျိုးများ၏နေအိမ် နှစ်လုံးနှင့် နွားတင်းကုပ် တစ်လုံးကို ဖျက်ဆီးခဲ့မှုကြောင့် အောက်တိုဘာ ၆ ရက်တွင် ယင်းကဲ့သို့ လုံခြုံရေးအင်အားများ ချထားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

အိမ်များ ဖျက်ဆီးမှုတွင် ကိုယ်တိုင်သွားရောက် တားဆီးခဲ့သည့် ကျောင်းကုန်းမြို့ရှိ ကံဦးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးအိန္ဒာစက္ကက “နယ်တွေကပါ တက်လာကြတယ်။ အကုန်လုံးကို တောင်းပန်ပြီး ပြန်လွှတ်တယ်။ ဖျက်ဆီးတဲ့အဖွဲ့ကတော့ ၂၀၀ လောက်ရှိတယ်။ အကုန်လုံးဆိုရင် ၁၀၀၀ လောက် ရှိတယ်”ဟု ဖြစ်စဉ်ကို မိန့်သည်။

စွပ်စွဲခံရသူ ဦးလှဝင်းကို အောက်တိုဘာ ၅ ရက် ညနေပိုင်းက သွားရောက်ဖမ်းဆီးခဲ့ပြီး ၎င်းကို ညတွင်းချင်း ပုသိမ်သို့ပြောင်းရွှေ့လိုက်သည်ဟုလည်း ဆရာတော်က မိန့်သည်။

ကျောင်းကုန်းမြို့ရှိ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမျိုးနိုင်ဝင်းက “စိုးရိမ်ပူပန်မှုတွေတော့ ရှိနေကြတယ်။ အများစုကတော့ မွတ်စလင်တွေ စိုးရိမ်ပူပန်မှု ရှိနေကြတယ်။ အများကြီးတော့ မဟုတ်ပါဘူး။ အခုကတော့ ပုံမှန်ပဲ သွားလာနေကြတယ်”ဟု လက်ရှိအခြေအနေကို ရှင်းပြသည်။

ဒေသခံများ၏ ပြောဆိုချက်အရ လုံခြုံရေးအင်အားမှာ စစ်တပ်မှ ကားတစ်စီးနှင့် ရဲအင်အား ၂၀၀ ခန့်ရှိသည်ဟု ခန့်မှန်း ပြောဆိုကြသည်။

လုံခြုံရေးအစီအစဉ်များ မည်သို့ပြုလုပ်ထားသည်နှင့် ရဲအင်အား မည်မျှတာဝန်ချထားသည်ကို ကျောင်းကုန်းမြို့နယ် ရဲစခန်းသို့ မဇ္ဈိမက ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

ယင်းအပြင် မြို့နယ် ရဲစခန်းမှူးဖြစ်သည့် ရဲအုပ်အောင်ဆန်းဦးသို့ ဆက်သွယ် မေးမြန်းခဲ့ရာတွင်လည်း “အေးအေးချမ်းချမ်းရှိနေသည်”ဟုသာ ပြန်ဖြေခဲ့ပြီး လုံခြုံရေးအခြေအနေ မေးမြန်းမှုကိုမူ အတိအကျ ဖြေကြားခြင်းမရှိခဲ့ပေ။

ကောလာဟလများလည်း ပျံ့နှံ့နေသည့်အတွက် အေးအေးချမ်းချမ်းနေကြရန် လက်ကမ်းစာစောင်များ ဝေငှပေးနေသည်ဟု ဆရာတော် ဦးအိန္ဒစက္ကကဆိုပြီး “နေ့လယ် ၁၁ နာရီလောက်က ထမင်းချိုင့်နဲ့ လူ ၇၀၀ လောက် တက်လာတယ်ဆိုပြီး ကောလာဟလတွေကလည်း ပြန့်နေတယ်။ ဘယ်က လာတယ်ဆိုတာကျတော့ အတိအကျမသိဘူး။ အဲ့ဒါကြောင့် အေးအေးဆေးဆေးနေကြဖို့ လက်ကမ်းစာစောင်တွေ လိုက်ဝေနေတယ်”ဟု မဇ္ဈိမသို့ မိန့်သည်။

No comments: