ဇော်ဇော်ထွေး | သောကြာနေ့၊ အောက်တိုဘာလ ၀၄ ရက် ၂၀၁၃
အင်းစိန်မြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပေါ်ခဲ့သော တပ်မတော် ဒု-တပ်ကြပ်တစ်ဦးအား ဆိုင်ကယ်မဆင်မခြင်မောင်းနှင်မှုဖြင့် အောက်တိုဘာ ၂ ရက်က ရဲစခန်းတွင် အမှုဖွင့်ခံရကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရုံးက ဆိုသည်။
အမှုဖွင့်ခံရသူမှာ အင်းစိန်မြို့နယ် သီရိမင်္ဂလာလမ်း၊ ထန်းပင်ကုန်း၊ လေတပ်ဝင်းတွင် နေထိုင်သည့် အောင်နိုင်ဖြိုး (၂၅)နှစ်၊ ခမရ(၃၀၂)၊ နေပြည်တော် (ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြေးခုန်ပစ် အားကစား သမား) တစ်ဦးဖြစ်သည်ဟု ရဲတပ်ဖွဲ့ကအတည်ပြုထားသည်။
အောက်တိုဘာ ၂ရက် ည ၉ နာရီခွဲက ၎င်းစီးနင်းလာသည့် JLM 110 အနက်ရောင် ဆိုင်ကယ်ကအောက် မင်္ဂလာဒုံလမ်း၊ အောင်ဆန်းဈေးအနီး သစ္စာဝါဒီလမ်းထပ်အရောက်တွင် အရှေ့မှအနောက်သို့ လမ်းဖြတ်ကူးသူ ကိုသိန်းဇော်ဦး(၄၅)နှစ်၊ ကား ရေတိုင်ကီပြုပြင် ရွှေပြည်သာမြို့နယ်နေ သူကိုဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။
ယင်းယာဉ်တိုက်မှုကြောင့် ကိုသိန်းဇော်ဦးတွင် ယာမျက်ခုံး၊ အပေါ်၊အောက် နှုတ်ခမ်းပေါက်ပြဲ၊ နှာခေါင်း သွေးထွက် ဒဏ်ရာများရရှိပြီး အင်းစိန်ဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် ကုသရသည်ဟုလည်း ရဲဌာနက ဆိုထားသည်။
ထို့ကြောင့် ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ ဒု-တပ်ကြပ် အောင်နိုင်ဖြိုးအပေါ် အရေးယူပေးရန် ရဲအုပ်ဝင်းမြင့်ဦး (ယာဉ်ထိန်း တပ်ဖွဲ့စု-၁၄၊ အင်းစိန်မြို့နယ်)က တရားလို ပြုလုပ်တိုင်တန်းထားခြင်းလည်း ဖြစ်သည်။
ယင်းတိုင်တန်းမှုကို အင်းစိန်ရဲစခန်းက ယာဉ်(ပ)၁၁၃/၂၀၁၃ဖြင့် အမှုဖွင့်၍ ပုဒ်မ ၃၃၈/၂၇၉ဖြင့် အရေးယူရန် ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် အမှတ်(၁) တပ်မတော် (လေ) တပ်ထိန်းတပ်မှ တပ်ကြပ်ကြီး ထွန်းထွန်းလင်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟုလည်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
No comments:
Post a Comment