ကွန်းချမ်း | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၀ ရက် ၂၀၁၃
စစ်တပ်နှင့် ကုမ္ပဏီများမှ တရားမဲ့ သိမ်းယူခဲ့သည့် မြေယာများ ပြန်လည်ရရှိရန်အတွက် မွန်ပြည်နယ် အတွင်းရှိဒေသခံ လယ်သမားများက တက်ကြွစွာ လှုပ်ရှားခဲ့သော်လည်း တိုးတက်မှု အနည်းငယ်သာရှိသည်ဟု မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က အောက်တိုဘာ ၉ ရက်တွင် ထုတ်ပြန်လိုက်သည်။
အင်္ဂလိပ်ဘာသာဖြင့် ဖြန့်ဝေသည့် စာမျက်နှာ ၉၀ ကျော်ပါ DISPUTED TERRITORY(တရားမဲ့နယ်မြေ) အမည်ရှိ အစီရင်ခံစာတွင် ယင်းကဲ့သို့ ထုတ်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
မြန်မာဘာသာဖြင့် ရေးသားထားသည့် အစီရင်ခံစာအကျဉ်းတွင်လည်း “မှားယွင်း သိမ်းယူထားသော မြေယာများပြန်လည်ပေးအပ်မှုများတွင် အားနည်းနေသေးသည့်အပြင် လက်ရှိပြဋ္ဌာန်းထားသော လယ်ယာမြေဥပဒေတွင်လည်း လယ်သမားတို့အတွက် မြေယာအခွင့်အရေးများကို အာမခံချက်ပေးထားမှုများ ကင်းမဲ့နေဆဲပင်ဖြစ်သည်” ဟု ဖော်ပြ ထားသည်။
၂၀၁၂ ခုနှစ် မတ်လတွင် ပြဋ္ဌာန်းထားသည့် လယ်ယာမြေဥပဒေ အခန်း (၃) အပိုဒ်(ဂ)တွင် လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိထားသူများသည် လယ်ယာမြေကို အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့် ရှိသည်ဟု ဖော်ပြ ထားသည်။
ဒေသခံ လယ်သမားများသည် ဘိုးဘွားစဉ်ဆက် ဓားမဦးချ လုပ်ကိုင်လာခဲ့သော်လည်း အစိုးရအဆက်ဆက်က လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် (မြေဂရမ်) ထုတ်မပေးခဲ့ခြင်းကြောင့် မြေယာများ ပြန်လည်ရရှိရန် ကြိုးပမ်းချက် ကို အဟန့်အတားဖြစ်စေသည်ဟုလည်း HURFOM ၏ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်း တာဝန်ခံ ကိုဦးမွန်ကပြောသည်။
“မဆလ၊ န၀တ၊ နအဖ ကနေ အခု ဦးသိန်းစိန်အစိုးရလက်ထက်ထိ လယ်သမားတွေဟာ မြေဂရမ်မရှိကြဘူး။ သူတို့က ခေတ်အဆက်ဆက် မြေဂရမ်ရဖို့ ငွေကြေးတွေ အများကြီး အကုန်အကျခံပြီး လုပ်လာခဲ့တယ်။ ဒါပေမဲ့မြေဂရမ်ရဖို့ဆိုတာ ထီထိုးသလိုပဲ”ဟု ကိုဦးမွန်က ပြောသည်။
ယခုထုတ်ဝေသည့် အစီရင်ခံစာပါ အချက်အလက်များကို ၂၀၁၃ ခုနှစ် ဧပြီလမှ စက်တင်ဘာလထိ မွန်ပြည်နယ်ရေး၊ သံဖြူဇရပ်နှင့် ကျိုက်မရောမြို့နယ်များနှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ်များတွင် လူတွေ့မေးမြန်းမှုပေါင်း ၁၀၀ ခန့် ပြုလုပ်ခဲ့ပြီး စုဆောင်းခဲ့သည်ဟု ဆိုသည်။
၎င်းပြင် အစီရင်ခံစာအတွက် မြေစာရင်းဦးစီးဌာနမှ ၀န်ထမ်းလေးဦး၊ မြေယာစုံစမ်းရေးကော်မရှင်မှ လွှတ်တော် အမတ် နှစ်ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ငါးဦး၊ ပြည်ထောင်စုအဆင့် ခေါင်းဆောင်တစ်ဦးနှင့် တရားရေးဆိုင်ရာ ကျွမ်းကျင်သူ မြောက်မြားစွာကိုလည်း တွေ့ဆုံမေးမြန်းခဲ့သည်ဟုလည်း ဖော်ပြထားသည်။
မွန်ပြည်နယ်တွင် အသိမ်းခံ မြေယာဧကပေါင်း ၂၀,၀၀၀ ကျော်ရှိသော်လည်း ပြန်လည်ရရှိရန် ကြိုးပမ်း လှုပ်ရှားနေသည့် မြေဧက ၇,၀၀၀ ၀န်းကျင်ကိုသာ ဤအစီရင်ခံစာတွင် အဓိကထား ဖော်ပြထားသည်ဟု ကိုဦးမွန်ကပြောသည်။ မြေယာများပြန်လည်ရရှိရန် ၂၀၁၁ နိုဝင်ဘာလမှ စတင်ကြိုးပမ်းခဲ့သော်လည်း နှစ်နှစ်နီးပါးခန့် အချိန် အတွင်း တိုးတက်မှုအနည်းငယ်သာရှိသည်ဟု အစီရင်ခံစာက ဖော်ပြလိုက်ခြင်းဖြစ် သည်။
မွန်ပြည်နယ် ရေးမြို့နယ်အခြေချ ခမရ ၃၄၃၊ ခမရ ၅၈၆၊ ခမရ ၅၈၇၊ ခမရ ၅၉၁ နှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ် အခြေချ မောရ၀တီ ရေတပ်စခန်းဌာနချုပ် လက်အောက်ခံရေတပ်အမှတ် (၄၃) တို့က ရေးမြို့နယ်တွင် သိမ်းယူ ခဲ့သော မြေဧကပေါင်း ၅,၀၀၀ ၀န်းကျင်နှင့် ကျိုက်မရောမြို့နယ်တွင် ဇေကမ္ဘာကုမ္ပဏီ၊ Pacific Link Cement Industries Co. Ltd. နှင့် June Industry Co. Ltd. တို့ သိမ်းယူထားသည့် မြေဧကပေါင်း ၂,၀၀၀ ကျော်ရှိသည်ဟု HURFOM က ထုတ်ပြန်ထားသည်။
No comments:
Post a Comment