Saturday, October 5, 2013

အသစ်တိုးချဲ့လာသည့် သတ္တုတွင်းများ ရပ်စဲထားရန် ကရင်နီလူမှုအသင်းများကန့်ကွက်

ကူးဒူ၊ ခူးဘော်ရယ်

ကယား(ကရင်နီ)ပြည်တွင် သဘာဝပါတ်ဝန်းကျင်ကို ထိခိုက်စေမည့် ဖားဆောင်းမြို့က သတ္တုတွင်းသစ် ၁၆ခု တူးဖေါ်နေသည့် စီမံကိန်းများရပ်စဲထားရန် မိုလို အမျိုးသမီးအဖွဲ့နှင့် ကရင်နီလူမှုအခြေပြု အဖွဲ့အစည်းကွန်ယက် KCSN တို့ပူးတွဲပြီးကန့်ကွက်ထားသည်။

ကရင်နီပြည်သည် သဘာဝသယံဇာတ ပေါများကြွယ်ဝသော်လည်း ဒေခံပြည်သူလူထုများ အကျိုးခံစားမှုမရှိသည့်အပြင် သတ္တုတူးဖေါ်ရေး စီမံကန်းများနှင့် ဆက်နွယ်ပြီး မြေယာသိမ်းဆီးမှုနှင့် သဘာဝပါတ်ဝန်းကျင်ဖျက်ဆီးမှုများကြောင့် လူထုတို့၏စိုက်ပျိုးမြေများ၊ တောတောင်များ၊ မြစ်ချောင်းများ၊ အသက်မွေးဝမ်းကျောင်းများနှင့် ကျေးရွာများကို ပျက်စီးပျောက်ဆုံးစေသည်ဟု ယနေ့ ထုတ်ပြန်ကြေညာချက်တွင် ဖေါ်ပြထားသည်။

“အသစ်လျောက်ထားတဲ့ ၁၆ ခု အပါအ၀င် နောက်ပြီးတော့ ဒီဦးထွန်းကျော်နဲ့ သြစတေးလျ နိုင်ငံကုမ္မဏီတစ်ခုကနေ လုပ်ဆောင်မယ့် ဧကတသိန်းကိစ္စတွေကိုအဲ့ဒီလုပ်ဆောင်တဲ့ စီမံကိန်းအသစ်တွေကိုရပ်တန့်ပေးဖို့ ကန့်ကွက်တောင်းဆိုရခြင်း ဖြစ်တယ်” ဟု KCSN ပြောခွင့်ရ ခူးမီရယ်ကပြောသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့အစိုးရအကြား ၂၀၁၂ခုနှစ် မတ်လကစပြီး အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပြီးနောက် ဖားဆောင်းမြို့နယ်အတွင်း မိုဆာခီး၊ သြစတေးလျ၊ နန်းရည်မွန်အောင်နှင့် ရတနာစိုင်းကောင်းမြတ်ကျော် ကုမ္ဗဏီများမှ သတ္တုတွင်းသစ် ၁၆ခုကို အစိုးရမှ တရားဝင်ခွင့်ပြုချက်ဖြင့် ဆောက်လုပ်နေခြင်းဖြစ် သည်ဟု သိရသည်။

“ဒီသတ္တုတွင်းလုပ်ငန်းကို ကျနောတို့လုံးဝ ကန့်ကွက်တာမဟုတ်ဘူး ဒါပေမဲ့… လုပ်ချင်တယ်ဆိုရင် ဒီဒေသခံလူထုတွေနဲ့ ဒီလုပ်ဆောင်မယ့်ကိစ္စ အကြောင်းအရာတွေအားလုံးကို ကျေကျေညက်ညက် တွေ့ဆုံဆွေးနွေးပြီးမှ ဒေသခံလူထုတွေ့ရဲ့ သဘောတူညီချက်အပေါ်မှာ လုပ်ဆောင်သွားစေချင်တဲ့ အနေအထားမှာလုပ်ဆောင်ဖို့ တောင်းဆိုချင်တာဖြစ်တယ်” ဟု ခူးမီရယ်ကပြောသည်။

မော်ချီးဒေသတွင် ဗြိတိသျှအစိုးရ လက်ထက်ကတည်းကအမှတ်-၁ သတ္တုတွင်းနဲ့ အမှတ်-၂ သတ္တုတွင်း စတင်လုပ်ဆောင်လာခဲ့တဲ့အတွက် မကြာခဏမြေပြို၍ လူများမကြာခဏ အသေအပြောက်ရှိပြီး အန္တရာယ်ရှိသည့် ဒေသဖြစ်သည်။

“သေရေးရှင်ရေးနဲ့ နေတာပဲ အမှန်ဆိုတအားအန္တရာယ်ကြီးတယ် အဲ့ဒီမြေပြိုကျလို့ဆိုရင် ပုံစံတခုပေးထားပြီလေး အိမ်တစ်လုံးပြိုကျပြီလေး အဲ့ဒါ အခြားလူတွေလည်း မနေသင့်ဘူး ဒါပေမဲ့သူတို့ နေတာပဲ ရွေ့ပြောင်း ဖို့လည်းဝေးတယ် ရေလည်ဝေးတယ်" ဟု မော်ချီးဒေသခံ အမျိုးသမီး တဦးဖြစ်သည့် ဒေါ်အာခူကပြောသည်။

ပြင်ဆင်ရေးဆွဲမည့် ဖွံ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေထဲတွင် တိုင်းရင်းသားဒေသတွင်ရှိသည့် သံယံဇာတအရင်းအမြစ်များကို ကိုယ်ပိုင်စီမံအုပ်ချုပ်ခွင့် ပေးထားခြင်း မရှိလာမချင်း လက်ရှိသတ္တုစီမံကိန်းလုပ်ငန်းများ ရပ်စဲထားရန် မိုလိုအမျိုးသမီးသတ္တုတွင်း စောင့်ကြည့်ရေးကွန်ယက်MWMWN နှင့် KCSNတို့၏ ကြေညာချက်ထဲတွင် တောင်းဆိုထားသည်။

No comments: