Thursday, October 3, 2013

တရားမ၀င် သစ်များ တင်ဆောင်မောင်းနှင်ထွက်ပြေးသည့်ကားအား လိုက်လံဖမ်းဆီး

ဇော်ဇော်ထွေး

တရားမ၀င် ကျွန်းပရိဘောဂများတင်ဆောင်ပြီး မောင်းနှင်ထွက်ပြေးသည့် ကားအားလိုက်လံဖမ်းဆီးရမိခဲ့သဖြင့် အရေးယူပေးရန်တိုင်ကြားမှုတစ်ခုကို မှော်ဘီရဲစခန်းက စက်တင်ဘာ ၃၀ ရက်တွင် အမှုဖွင့်ဆောင်ရွက်နေရကြောင်း တိုင်းရဲတပ်ဖွဲ့က ဆိုသည်။

အမှုတွင် ယင်းနေ့ နံနက် ၆နာရီခွဲအချိန်က ဦးမြင့်ထွန်း (ဦးစီးအရာရှိ)၊ သစ်တောဦးစီးဌာန၊ မှော်ဘီမြို့နယ်နှင့် အဖွဲ့ သည် သက်သေများနှင့်အတူ မှော်ဘီမြို့၊ အမှတ်(၄)လမ်းဆုံသစ်နှင့် သစ်တောထွက်ပစ္စည်း စစ်ဆေးရေးစခန်း၊ ဂိတ်ရှောင်လမ်းတွင် စစ်ဆေးခဲ့ကြသည်ဟု မှုခင်းမှတ်တမ်းတွင် တွေ့ရသည်။

ထိုအချိန် ပြည်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော ၈ဂ/--လိုက်ထရပ် အဖြူရောင်ယာဉ်အား တားဆီးခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးခဲ့သည်ဟုလည်း တရားလိုဘက်က ထွက်ဆိုထားသည်။

သစ်တောဦးစီးအဖွဲ့မှ လိုက်လံတားဆီးခဲ့ရာ ရန်ကုန် -ပြည်လမ်း မိုင်တိုင်အမှတ် ၂၇/၄ ဗဟိုဆေးတပ် အနီးတွင် လိုက်မီသဖြင့် ရပ်တန့်စစ်ဆေးခဲ့သည်ဟုလည်း သိရသည်။

ထို့ကြောင့် ယာဉ်ပေါ်တွင်ယာဉ်မောင်း စည်သူ(၂၇)နှစ် မရမ်းကုန်းမြို့နယ်၊ အောင်မျိုးဦး(၂၃)နှစ် သရက်မြို့၊ဇော်မျိုးဝင်း(၂၇)နှစ်ကျပန်း မြန်အောင်မြို့နယ်နေသူတို့ကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုထားသည်။

ထို့ပြင် မော်တော်ယာဉ်ပေါ်မှ ကျွန်းတံခါးချပ် ရှစ်ချပ်၊ ကျွန်းအပ်ချုပ်စက်ခုံ (၄၈) ခုံ၊ ကျွန်းအံချုပ်စက်အံဆွဲ (၅၉)ခု၊ စုစုပေါင်းတန် (၀ ဒဿမ ၅၇၅၈ )တန် တန်ဖိုးကျပ် နှစ်သိန်းငါးသောင်းကျော်ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ကျွန်းပစ္စည်းများကို မြောင်းမြ မြို့နေ ကိုမင်းစိုး(စိစစ်ဆဲ)က ပိုင်ဆိုင်ကြောင်းသိရသဖြင့် ကိုမင်းစိုး၊ ယာဉ်မောင်း စည်သူ၊ ယာဉ်ပေါ်ပါသူ အောင်မျိုးဦး၊ ဇော်မျိုးဝင်း နှင့် ၈ဂ/---- ယာဉ်ပိုင်ရှင်တို့်အပေါ် အရေးယူပေးရန် ဦးမြင့်ထွန်းက တရားလိုပြုလုပ် တိုင်တန်းထားခြင်းဖြစ်သည်။

ယင်းတိုင်တန်းမှုကို မှော်ဘီရဲစခန်းက (ပ)၅၅၉/၂၀၁၃ဖြင့် အမှုဖွင့်ပြီးအမှုဖြင့် ပတ်သက်သူများအား ဖမ်းဆီးစစ်ဆေး လျက်ရှိပြီးယာဉ်ပိုင်ရှင်နှင့် ကျွန်းပစ္စည်းပိုင်ရှင်တို့ကိုလည်း ဖမ်းဆီးရမိရေးလုပ်ဆောင်နေသည်ဟု တိုင်းရဲဌာနက ဆိုသည်။

တရားမ၀င် ကျွန်းပရိဘောဂများနှင့် ပတ်သက်ပြီး ပြစ်မှုထင်ရှားပါက သစ်တောဥပဒေပုဒ်မ ၄၃(က)ဖြင့် တရားစွဲ တင်မည်ဟုလည်း တိုင်းရဲဌာနက ဆိုထားသည်။

No comments: