ABC
ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အို-ကေအိုင်အေနဲ့ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ဟာ လာမယ့် အောက်တိုဘာလ ၈ရက်နေ့ကျရင် ပြုလုပ်မယ့် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲအတွင်းမှာ ဒုက္ခသည်ဆိုင်ရာ ကိစ္စရပ်တွေ၊ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ အပါအ၀င် ခေါင်းစဉ် ၅ခုကို ဆွေးနွေးမှာ ဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက ပြောပါတယ်။
“နံပါတ် ၁ ကတော့တို့ ဒီနှစ်ဖက်ဖြစ်ပေါ် တိုးတက်ဖြစ်ထွန်းမှုများဆိုတဲ့ ခေါင်းစဉ်ပါ။ ဒီထဲမှာ နှစ်ဖက်အပစ်အခတ်ရပ်ထားတဲ့ ထဲမှာ ဖြစ်ပေါ်တိုးတက်မှုများပေါ့၊ နံပါတ် ၂ကတော့ IDP ကိစ္စရပ်တွေ။ နံပါတ် ၃ ကတော့ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များနဲ့ နံပါတ် ၄ကတော့ နိုင်ငံရေး ကိစ္စရပ်များပေါ့။ နိုင်ငံရေး ကိစ္စရပ်မှာ ၄ (က) ကတော့ Nation Wide Casefire နဲ့ ၄ (ခ) ကတော့ Political Dialogue ပေါ့နော် ဒီကိစ္စတွေ၊ နောက် နံပါတ် ၅ကတော့ အခြားကိစ္စရပ်များဆိုပြီး အဲဒီခေါင်းစဉ် ၅ခုကို နှစ်ဖက် ညှိနှိုင်းလို့ရပါတယ်။ အဲဒတွေက ကျွန်တော်တို့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှာ ဒီခေါင်းစဉ်တွေနဲ့ ဆွေးနွေးပါမယ်။”
ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှာ မြန်မာအစိုးရဖက်က နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးဖို့လည်း ဆွေးနွေးသွားမှာဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ၊ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ တက်ရောက်လာဖို့ အတွက်လည်း ဖိတ်ခေါ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အစိုးရအနေနဲ့ ပြည်ထောင်စုအဆင့်မှာ အပစ်အခတ်ရပ် လက်မှတ်ရေးထိုးဖို့ တိုက်တွန်းသွားမယ်ဆိုပေမယ့် KIO/KIA ဘက်က ပြောရေးဆိုခွင့်ရှိသူ ဆရာဒေါင်ခါးကတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေရဲ့ ရလဒ်အပေါ်မှာ အပစ်အခတ်ရပ်စဲရေးကို တည်ဆောက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
အခုအချိန်မှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၄ ဖွဲ့ရှိပြီး အောက်တိုဘာလနဲ့ နိုဝင်ဘာလ ဆန်းအတွင်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့အတွက် အစိုးရက ပြင်ဆင်နေတဲ့အကြောင်း ရေဒီယို သြစတြေးလျ သတင်းထောက် စူးရှက သတင်းပေးပို့ခဲ့ပါတယ်။

No comments:
Post a Comment