Tuesday, October 8, 2013

သံတွဲတွင် သီတဂူ ဆရာတော် ငြိမ်းချမ်းရေး တရားဟောကြား

ကေဇင်ဦး

သံတွဲပဋိပက္ခတွင် ဖမ်းဆီးသူဦးရေ ၅၆ ယောက်ရှိပြီဖြစ်

ပဋိပက္ခများဖြစ်ပွားရာ ရခိုင်ပြည်နယ် သံတွဲမြို့သို့ အောက်တိုဘာ ၇ ရက်တွင် သီတဂူဆရာတော် ဦးဥာဏိဿရရောက်ရှိပြီး သံတွဲမြို့ရှိ မြို့နယ်ခန်းမတွင် နှစ်ဖက်အဖွဲ့အစည်းကြားရှိ ပဋိပက္ခများ ပြေလည်စေရန်အတွက် ငြိမ်းချမ်းရေးတရားများ ဟောကြားခဲ့သည်ဟု သံတွဲဒေသခံများက မဇ္ဈိမကို ပြောသည်။

သံတွဲဒေသခံတစ်ဦးဖြစ်သူ ကိုမျိုးထွန်းက “ဆရာတော်ကတော့ နှစ်ဖက် အဖွဲ့အစည်းတွေ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ဖို့မေတ္တာ ဂရုဏာနဲ့ ရှေ့ဆက်ဖို့ ပြောသွားတယ်။ အတူပါလာတဲ့ ဟာဂျီဦးအေးလွှင်ကလည်း လူမျိုးစုနှစ်ခု ငြိမ်းချမ်းစွာနေထိုင်ဖို့စတဲ့ အချက်တွေကို ဆယ်မိနစ်စာလောက် ပြောပါတယ်”ဟု ပြောသည်။

သံတွဲမြို့အာဏာပိုင်များက အနေဖြင့် သံတွဲမြို့တွင်းရှိ ဆရာတော်များနှင့် ကျေးရွာများရှိ ဆရာတော်များကိုပါ ပဋိပက္ခများ ထပ်မံမဖြစ်ပွားရေးအတွက် ထိန်းချုပ်ပေးရန် တောင်းဆိုထားသည်ဟု သံတွဲမြို့ ပည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးကလည်း ပြောသည်။

၎င်းက “ဗိုလ်ချုပ်ကြီးလှမင်းရယ်၊ ဘဏ္ဍာရေးဝန်ကြီး အောင်ကျော်မင်းရယ် ကျွန်တော်ရယ် ဘုန်းကြီးတွေကိုလည်း တတ်နိုင်တဲ့ဘက်က ထိန်းပေးဖို့ ဒီနေ့ သွားပြီးမေတ္တာရပ်ခံခဲ့ကြတယ်” ဟု ပြောသည်။

သံတွဲ ပဋိပက္ခများကြောင့် အောက်တိုဘာ ၇ ရက် အထိ ဖမ်းဆီးထားသူ ၅၆ ဦးရှိသွားပြီဖြစ်ပြီး စစ်ဆေးခံရသူများ၏ ထွက်ဆိုမှုအရ နောက်ထပ်ဖမ်းဆီးရန်လည်း ကျန်ရှိနေသေးကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှာ ရဲမှူးကြီး ဦးကျော်တင့်က မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

၎င်းက “ ဒီနေ့အထိ ၅၆ ဦးရှိပြီး စစ်ဆေးခံရသူတွေရဲ့ထွက်ဆိုချက်အရ ထပ်ပြီး ဖမ်းဆီးစရာ ရှိသေးတယ်။ ဒီလိုမျိုး တဆင့်ပြီးတဆင့်သွားမှ အရင်းအမြစ်ကို မိမှာ၊ ဒီပြသနာကို မိအောင် မဖော်ထုတ်ရင် မကြာခဏဖြစ်နေမှာပဲ”ဟု ဆိုသည်။

ယင်းသို့ ဖမ်းဆီးခံရမှုများတွင် အစ္စလာမ် ဘာသာဝင် လေးဦးပါဝင်ပြီး ကျန် ၅၂ ယောက်မှာ ရခိုင်လူမျိုးများဖြစ်သည်ဟုလည်း ဦးကျော်တင့်က ပြောသည်။

ထိုသို့ ဖမ်းဆီးမျုများကြောင့် သံတွဲသို့ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာအေးမောင် အပါအ၀င် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များလည်း သွားရောက်ကြသည်။

သံတွဲမြို့ပဋိပက္ခဖြစ်စဉ်တွင် အောက်တိုဘာ ၅ ရက်က ဖမ်းဆီးထားသူ ဦးရေ ၄၄ ဦးရှိသွားပြီဟု အစိုးရက ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။

နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားချက်အရ သံတွဲမြို့ပဋိပက္ခဖြစ်စဉ်ကြောင့် အောက်တိုဘာ ၄ ရက် အထိ လူနေအဆောက်အအုံ ၁၁၄ လုံး၊ ဘာသာရေးအဆောက်အအုံ သုံးလုံး၊ ဓါတ်ဆီဂိုဒေါင် တစ်လုံးတို့ မီးလောင် ဆုံးရှုံးခဲ့ပြီး လူငါးဦး သေဆုံး၍ ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

သံတွဲမြို့ပဋိပက္ခဖြစ်စဉ်မှာ စက်တင်ဘာ ၂၈ ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး သံတွဲဈေးအနီးရှိ ကမန်တိုင်းရင်းသားပါတီ ဥက္ကဋ္ဌ ဦးကျော်ဇံလှပိုင် ငပလီ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး ဆိုင်ရှေ့တွင် ၉၆၉ အမှတ်တံဆိပ်ပါ ဆိုင်ကယ်ကို ရပ်နားရာ ဦးကျော်ဇံလှက ဆဲဆိုကြိမ်းမောင်းခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ဘာသာမတူသည့် လူမျိုးစု နှစ်စုကြား ပြဿနာများဖြစ်ပွားရာမှ မီးရှို့မှုများ၊ လူသေမှုများလည်း ဖြစ်ပေါ် ခဲ့သည်။ ယင်းဖြစ်စဉ်တွင် ကျူးလွန်သူများကို အမြန်ဆုံးဖမ်းဆီးရန်လည်း နိုင်ငံတော်သမ္မတက ၎င်း၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ညွှန်ကြားထားခဲ့သည်။

No comments: