Tuesday, October 8, 2013

လက်ပံတောင်းတောင်စီမံကိန်း စုံစမ်းရေးကော်မရှင်၏ အကြံပြုချက်များကို ကျော်လွန်လုပ်ကိုင်သည်ဟုဆိုကာ ဆန္ဒပြ

နေမျိုး

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း လျော်ကြေးမယူသည့် ခြံမြေများ ကို စည်းရိုးခတ်ခြင်း၊ လုံခြုံရေးကင်းတဲများ ဆောက်လုပ်ခြင်းစသည့် လုပ်ဆောင်မှုများသည် လက်ပံတောင်းတောင် စီမံကိန်း စုံစမ်းရေးကော်မရှင်၏ အကြံပြုချက်များကို လိုက်နာခြင်းမရှိဟုဆို ကာ ၃၀၀ ခန့်က ကန့်ကွက် ဆန္ဒပြ ခဲ့ကြသည်။

အောက်တိုဘာ ၆ ရက် ဆန္ဒပြမှုတွင် လယ်မြေများကို ခြံစည်းရိုးခတ်ခြင်း ရပ်ဆိုင်းရန်၊ လျော်ကြေးယူ မထားသည့်မြေများပေါ်တွင် စိုက်ပျိုးထားသည့် သီးနှံများကို ဖျက်ဆီးခြင်းမလုပ်ရန်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ တင်ပြချက်များကို လေးစားလိုက်နာရန်စသည့် အချက်များကို တောင်းဆိုခဲ့ကြသည်။

“လျော်ကြေးမယူတဲ့ မြေတွေကို ခြံစည်းရိုးခတ်တယ်။ ဆည်းတည်းရွာက မရီရီဝင်းအကွက်၊ မိုးကြိုးပြင်ရွာက ကိုကျော်ဝင်း အကွက်တွေမှာ သီးနှံတွေ ချထားတယ်။ လုံခြုံရေးကင်းတဲတွေ ဆောက်တယ်။ အဲဒါကို ဒေသခံတွေ အနေနဲ့ အစီရင်ခံစာကို ကျော်လွန်ပြီး လုပ်ဆောင်နေတဲ့ လုပ်ငန်းဖော်ဆောင်ရေး ကော်မတီကို ညှိနှိုင်းပေးဖို့ ဆန္ဒဖော်ထုတ်တာပါ”ဟု အလယ်တောရွာသူ မစန္ဒာက ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကလည်း “ပြည်သူ့အသံကို နားထောင်၊ ဖြည့်ဆည်းရပါမယ်။ ၄၈ ရာခိုင်နှုန်းပဲ
လျော်ကြေးယူတာ တွေ့ရပါတယ်။ လျော်ကြေးမယူတဲ့ လယ်တွေ၊ ကာယကံရှင် သဘောမတူဘဲ မလုပ်ဆောင်သင့် ပါဘူး။ ဒေသခံတွေသဘောတူလာအောင် ကြိုးစားတာမျိုးပဲ ဖြစ်သင့်ပါတယ်”ဟု အကြံ ပြုသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသအတွင်းရှိ လယ်တီဆရာတော်ဘုရားကြီး၏ သာသနိက အဆောက် အအုံများ ကာကွယ်စောင့်ရှောက်ရေး အင်အားစုများနှင့် တက်ကြွလှုပ်ရှားသူများ မန္တလေးမှ လက်ပံတောင်းတောင်သို့ စက်တင်ဘာ၂၉ ရက်ကလည်း လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြသေးသည်။

ထိုစဉ်က ဆန္ဒဖော်ထုတ်သူများအား နှစ်ရက်မြောက်နေ့တွင် လယ်တီဆရာတော်ဘုရားကြီး၏ သိမ်အား ဖြိုဖျက်မည် မဟုတ်ဟု အာဏာပိုင်တို့ထံမှ သဘောတူညီချက်ရ၍ လမ်းလျှောက်ခြင်းကို ရပ်တန့်လိုက်ကြသည်။

No comments: