သျှမ်းသံတော်ဆင့်
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းကျေးရွာများတွင် အချို့အိမ်များရေနှင့် အတူ လုံးဝမျောပါသွားသည်ဟု ဆိုသည်။
အောက်တိုဘာ ၇ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ဆိုက်ခေါင်ကျေးရွာအုပ်စုကကောင်းကလားချောင်း၊နမ့်တောင်ကုန်းကျေးရွာအုပ်စုက နမ့်မီချောင်း ရုတ်တရက်လျှံတက်လာသဖြင့် ရွာသားများ ညတွင်းချင်းရေဘေး ရှောင်ရ ကြောင်းဒေသခံ စိုင်းအိုက်ဖေ က ဤကဲ့သို့ ပြောပါသည်။
``တညလုံးမိုးရွာချလို့လေ၊ ကလားချောင်းရေကြီးလို့ ဆိုက်ခေါင်အုပ်စု နမ့်ကန်ရွာက အိမ်တွေကို ၀င်တိုက် တာ။ နမ့်တောင်ကုန်းအုပ်စု ပိန်းလုံရွာကတော့ နမ့်မီချောင်းရေကြီးတာ။ တောင်ကျရေတွေက မတရားဆင်းလာတော့ ရွာသားတွေ ညတွင်းချင်း ထွက်ပြေးရတယ်လေ။ နမ့်ကန်ရွာ က ကျားဖြူပါတီဝင် စိုင်းဆန်ပန်းအိမ်ဆို ဘာမှမကျန်ဘူး´´ - ဟု ပြော၏။
ရေရုတ်တရက်ဝင်တိုက်မှုကြောင့် စိုင်းဆန်ပန်း ၏ ငွေကျပ် ၁ သိန်းခွဲ၊ အိမ်အသုံးအဆောင်အိုးခွက်ပန်းကန်နှင့် အိမ်ပြင်ရန်စုထားသည့် သစ်များအားလုံး ရေနှင့်အတူပါသွားကုန်သည်ဟုဆိုသည်။
ရေဘေးကြုံ ရွာသားများအတွက် ဒေသတွင်းမှ ကျောင်းထိုင်ဆရာတော်ဘုရားများဦးဆောင်ကာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ၀ုန်းမေတ္တာအသင်း နှင့် ရွာသားများ အလှူငွေ စုဆောင်းကာကူညီ ထောက်ပံ့မှုများပေးခဲ့သည်ဟု ဘုရားဒါယိကာ တဦး ကပြောသည်။
ယခုကဲ့သို့ နမ့်မီချောင်း နှင့် ကလားချောင်း ရေမတရားလျှံတက်မှုသည် နှစ်ပေါင်း ၅၀ အတွင်း တကြိမ်တခါမျှ မကြုံခဲ့ဖူး ဟု စိုင်းဆန်ပန်း ကပြောသည်။
နမ္မတူမြို့နယ် ဒေသခံများ ယခုနှစ်အတွင်း နမ္မတူမြစ် ခေါ် ဒုဌဝတီမြစ်၊ နမ့်ယော် ချောင်းရေကြီး မှုသုံးကြိမ်ထက်မနည်းခံခဲ့ရ၏။ နမ္မတူ - လားရှိုး လမ်းပန်းဆက်သွယ်မှုပြတ်တောက်သည့်အထိ
တကြိမ်ကြုံခဲ့ရသည်။

No comments:
Post a Comment