ဇော်ဇော်ထွေး
မိခင်အရင်းဖြစ်သူအား ရက်စက်စွာသတ်ဖြတ်မှုဖြင့် သံသယရှိထားသည့် သေဆုံးသူ၏ သားဖြစ်သူကို စက်တင်ဘာ ၃၀ ရက်က မော်လမြိုင်မြို့တွင် ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်
အဆိုပါ လူသတ်မှုမှာ စက်တင်ဘာ ၂၉ ရက်နံနက်အချိန်က ထန်းတပင်မြို့နယ်၊ ဆန္ဒယော်ကျေးရွာတွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။ အသတ်ခံရသူမှာ ဒေါ်ထွေးကြည် (ခ)ဒေါ်မိုးမိုး ဆိုသူဖြစ်ပြီး ဦးခေါင်းနောက်စေ့ ပြတ်ရှဒဏ်ရာ၊ ဦးနှောက်ထွက်၊ ၀ဲလက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ၊ ၀ဲလက်ညိုးပြတ်၊ ၀ဲကျောကုန်း ထိုးသွင်းဒဏ်ရာ၊ ၀ဲရင်အုံ ထိုးသွင်းဒဏ်ရာသုံးချက်၊ ၀မ်းဗိုက်ထိုးသွင်းဒဏ်ရာ နှစ်ချက်တို့ဖြင့် သေဆုံးနေခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူ၏ ဘေးတွင်လည်း ရဲတင်းတစ်လက်နှင့် အရိုးအသွားခြောက်လက်မခန့်ရှိ ၀ါးရိုးတပ်မီးဖိုချောင်သုံး ဓါးအကျိုးတစ်ချောင်းတို့အား တွေ့ရှိခဲ့သည်။ အဆိုပါ လူသတ်မှုအတွက် သေဆုံးသူ၏ သားဖြစ်သူ တင်ထွန်းဝင်း ဆိုသူအား လူသတ်သမားအဖြစ် သံသယရှိခဲ့သဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မင်းစိုးက အမှုဖွင့်တိုင်တန်း ထားခြင်းလည်းဖြစ်သည်။
အဆိုပါ အမှုကို တက်သစ်နယ်မြေရဲစခန်းက(ပ)၉၆/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ပုဒ်မ ၃၀၂ ဖြင့် အရေးယူရန် ရှာဖွေဖော်ထုတ်နေခြင်းလည်း ဖြစ်သည်။
ထို့နောက် မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့များနှင့် တက်သစ်နယ်မြေရဲစခန်းတို့ ပူးပေါင်းစုံစမ်းထောက်လှမ်းခဲ့ရာ ပြစ်မှု ကျူးလွန်သူဟု သံသယရှိထားသူသည် မော်လမြိုင်မြို့တွင် ရောက်ရှိရှောင်တိမ်းနေကြောင်းကို စုံစမ်းနိုင်ခဲ့သည် ဟုလည်း တိုင်းရဲဌာနက ဆိုထားသည်။
ထို့ကြောင့် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးအကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး စက်တင်ဘာ ၃၀ ရက် ညနေ ၆ နာရီ ၄၈ မိနစ်တွင် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ တိုးချဲ့(၃)လမ်း တွင်ရောက်ရှိနေသည့် တင်ထွန်းဝင်းအား ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။
အဆိုပါ ဖမ်းဆီးရမိသူအား အမှုခိုင်မာစွာတည်ဆောက်ပြီး တရားစွဲတင်နိုင်ရေးအတွက် ဆက်လက်စစ်ဆေး လျက်ရှိ သည်ဟုလည်း တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။
No comments:
Post a Comment