Tuesday, October 1, 2013

မြန်မာ့ရုပ်မြင်သံကြားဝင်းရှိ တာဝါတိုင်ပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး

ဇော်ဇော်ထွေး | အင်္ဂါနေ့၊ အောက်တိုဘာလ ၀၁ ရက် ၂၀၁၃

ကမာရွတ်မြို့နယ် ဟံသာဝတီအ၀ိုင်းအနီးရှိ မြန်မာ့ရုပ်မြင်သံကြားဝင်းအတွင်း တည်ဆောက်ဆဲ တာဝါတိုင်ပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့မှုတစ်ခု စက်တင်ဘာ ၃၀ ရက် ညနေ ၄ နာရီခွဲအချိန်ကဖြစ်ပွားခဲ့သည်။

“တာဝါတိုင် ဆောက်လုပ်ရေးလုပ်သားတစ်ဦး ဖြစ်မယ်ဗျ။ တော်တော်မြင့်မြင့်က ပြုတ်ကျခဲ့လို့ ထင်တယ်။ တန်းသေသွားတယ်”ဟု အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရှုခဲ့သည့် ကိုရဲမင်းက မဇ္ဈိမသို့ပြောခဲ့သည်။

အဆိုပါ ပြုတ်ကျခဲ့သူမှာ အသက် ၃၀ ၀န်းကျင်ခန့်ရှိမည်ဟု ခန့်မှန်းရပြီး မြန်မာ့ရုပ်မြင်သံကြားဝင်းတွင် တည်ဆောက် လျက်ရှိသည့် Sky Net အရုပ်သံထုတ်လွှင့်ရေး တာဝါတိုင်ပေါ်မှ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်ပြီးချိန်တွင်သေဆုံးသူအလောင်းအား တာလပတ်ဖြင့် အုတ်ထားကာ ဆေးရုံသို့ သယ်ဆောင်သွားခဲ့ကြောင်း မျက်မြင်သက်သေ များက ဆိုသည်။

အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ ကမာရွတ်ရဲစခန်းသို့ ည ၇ နာရီအချိန်တွင် ဆက်သွယ်မေးမြန်းရာ တာဝန်ကျ အရာရှိတစ်ဦးက “ခုချိန်ထိ ကျွန်တော်တို့လည်း အချက်အလက်တွေ မရသေးပါဘူး။ တာဝန်မှူးကလည်း ဆေးရုံမှာပဲ ရှိပါသေးတယ်”ဟု ပြန်လည် ဖြေကြားပေးခဲ့သည်။

ထို့ပြင် သေဆုံးခဲ့ရမှု အကြောင်းအရင်းကိုလည်း ဆေးရုံမှ အလောင်းလက်ခံသော အမှတ်စဉ်ရရှိပြီးမှသာလျှင်သေမှုသေခင်း အမှတ်စဉ်ဖြင့် အမှုဖွင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ယခုအချိန်တွင် အမှု ဖွင့်ရသေးခြင်း မရှိသေးကြောင်း ယင်းတာဝန်ကျရဲအရာရှိက မဇ္ဈိမသို့ ပြောခဲ့သည်။

No comments: