ABC
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ထဲမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေကြီးမှုတွေ တောင်ကျရေတွေကြောင့် ဒေသခံတွေက ရေဘေးဒုက္ခကြုံတွေ့နေကြရသလို လူသေဆုံးမှုတွေနဲ့ ပျောက်ဆုံးမှုတွေလည်း ရှိနေပါတယ်။
ရေကြီးမှုကြောင့် ဒုက္ခရောက်နေရတဲ့သူတွေကို လိုက်လံ ကူညီဆောင်ရွက်ပေးနေတဲ့ သူတစ်ဦးက အခုလို ပြောပြပါတယ်။
“ပျောက်ဆုံးတဲ့ဟာက ၁၀ ဦးကျော်ရှိပါတယ်၊ လက်ရှိတော့ ကျနော်တို့ စပြီးတော့ အလောင်းတွေ တော့ တော်တော်များများ လိုက်ရှာနေကြတယ်ခင်ဗျ တော်တော်များများ ၊ မြို့ပေါ်ကတော့ ကျနော်တို့ ၃ ယောက်လောက်ပဲ လက်ရှိလောလောဆယ် သေစာရင်းမှာထည့်ထားပြီးတော့ ကျန်တဲ့ဟာတွေတော့ ပျောက်ဆုံးစာရင်းမှာ ထည့်ထားတယ်။”
ရေဘေးဒုက္ခသည်အများစုဟာ မြစ်ချောင်းနဘေးမှာ နေထိုင်ကြသူတွေဖြစ်ပြီး လောလောဆယ် ရေဘေးဒုက္ခသည် ၃၀၀၀ ကျော်ကို ဘုန်းတော်ကြီးကျောင်းတွေနဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ သက်ဆိုင်ရာက နေရာချထားပေးတယ်လို့ ဆိုပါတယ်။
ကလေးမြို့နယ်အတွင်း အခုလို ရေကြီးမှုဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း အဆိုးဝါးဆုံး ရေကြီးမှုဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု ပမာဏာဟာလည်း ကျပ်သိန်းထောင်ချီပြီး ဆုံးရှုံးမှုရှိတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေကပြောပါတယ်။
ရေကြီးမှုကြောင့် ဒေသတွင်းမွေးမြူထားတဲ့ ကျွဲနွားတိရိစ္ဆာန်တွေ ရေထဲမျှော ပါပျောက်ဆုံးတာတွေရှိသလို စိုက်ပျိုးထားတဲ့ သီးနှံစပါးခင်းတွေလည်း အများအပြား ပျက်စီးခဲ့တယ်လို့ လည်း ဆိုပါတယ်။
စက်တင်ဘာလ ၂၈ ရက်နေ့ကစပြီး ကလေးမြို့နယ်အတွင်းမှာ မိုးအဆက်မပြတ်ရွာသွန်းနေတာဖြစ်ပြီး ကလေးမြို့နယ်ထဲက ဥပုဒ်ချောင်း၊ နန်းကလိန်ချောင်း၊ မြစ်သာမြစ်၊နဲ့ နိရဉ္စရာချောင်းတွေမှာ ရေလျှံတက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒါအပြင် တောင်ကျရေတွေ စီးဆင်းပြီး ရေတိုက်စားမှုတွေကြောင့် ချောင်းကမ်းပါးတွေပြိုတာ၊ လူနေအိမ်တွေ ပျက်စီးတာ၊ တံတားကျိုးမှုတွေ ဖြစ်ခဲ့တယ်လို့ လည်းဆိုပါတယ်။
ရေဘေးဒုက္ခသည်တွေကိုတော့ လောလောဆယ် မြို့နယ်အာဏာပိုင်တွေနဲ့ အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် အဖွဲ့ဝင်တွေက အကူအညီတွေ ပေးနေကြတယ်လို့ သိရကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။

No comments:
Post a Comment