ရေခဲ (ပြည်)
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ န၀ဒေးတံတားအနီး view point ကမ်းနားသောင်ပြင် လူသတ်မှုတွင် အစွပ်စွဲခံထား ရသော တပ်မတော်သားသုံးဦးသည် ပြစ်မှုကျုးလွန်ခြင်းမရှိကြောင်း ပဲခူးတိုင်းတိုင်း နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်းက ပြောကြောင်း သေဆုံးသူ၏ မိသားစုထံမှ သိရသည်။
ပဲခူးတိုင်း နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသက်ထွန်းက သေဆုံးသူ၏ မိဘများကို ပြည်မြို့ရှိ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ဧည့်ရိပ်က ခေါ်ယူတွေ့ဆုံကာ ထိုကဲ့သို့ ငြင်းဆိုခဲ့ခြင်းဖြစ်သည်။
ထိုသို့ တွေ့ဆုံမှုတွင် မဇ္ဈိမသတင်းထောက်က သွားရောက်ခဲ့သော်လည်း ၀င်ခွင့်မပြုခဲ့ပေ။ ထိုတပ်မတော်သား သုံးဦးသည် ဧပြီလ ၂၃ရက်က ပြည်မြို့ view point ကမ်းနားသောင်ပြင်တွင် ကိုဇော်မင်းဦးအား သတ်ဖြတ်ပြီး အတူပါလာသော အမျိုးသမီးတစ်ဦးကို လည်ပင်းညှစ်ရိုက်နှက်ကာ သတိလစ်နေစဉ် လက်စွပ်ချွတ်ယူခဲ့သည်ဟု သေဆုံးသူ၏ မိသားစုက စွပ်စွဲထားခြင်းအပေါ် ၀န်ကြီးက ငြင်းဆိုခြင်းဖြစ်သည်။
သေဆုံးသူ ကိုဇော်မင်းဦး၏ ဖခင်က “ကျွန်တော်တို့စစ်ဆေးနေတယ်။ မဟုတ်လို့ပါ။ ဟုတ်ရင်ရဲကို အပ်ရမယ်။ စစ်သား မဟုတ်ဘူး။ စစ်ဆေးပြီးသွားပြီအထောက်အထားပြနိုင်ရင် ထုတ်ပေးမယ်။အထောက်အထားမပြနိုင်ရင်တော့ ထုတ်မပေးနိုင်ဘူး” ဟု ၀န်ကြီးကပြောဆိုသည်ဟု မဇ္ဈိမကို ပြောသည်။
ဝန်ကြီးက သေဆုံးသူ ကိုဇော်မင်းဦး၏ ဆေးစစ်ချက်အရ နံနက်(၈)နာရီခွဲတွင် သေဆုံးခဲ့ပြီး တပ်မတော်သား သုံးဦး သည် နံနက် (၉) နာရီတန်းစီချိန်တွင် ရှိနေကြောင်း လုယက်ခံရသော လက်စွပ်အား တပ်မတော်သားများထံတွင် မတွေ့ကြောင်း၊ အပျော်အပါး လိုက်စားရန် ချေးယူသွားသော ငွေနှစ်သောင်းသာ ပြန်ပါလာခဲ့ကြောင်းစသည့် အချက် များဖြင့် ငြင်းဆိုခဲ့သည်ဟု ဆိုသည်။
“သူတို့လူသတ်တဲ့အမှုကို သူတို့ကိုယ်တိုင်စစ်ပြီး ဘာမှသိရတာမရှိပါဘူး။ ဘယ်သူ့ကိုဘယ်လိုစစ်တယ်။ ဘယ်သူက ဘယ်လို ထွက်ချက်ပေးတယ်ဆိုတာ သိခွင့်မရှိပါဘူး။ သူတို့အချင်းချင်းညှိပြီး ထွက်ချက်ယူလို့ရပါတယ်” ဟု သေဆုံး သူ၏ အစ်မက မဇ္ဈိမကိုပြောပါသည်။
ထိုအမှုတွင် DNA စစ်ဆေးရန် ရဲတပ်ဖွဲ့သို့လွှဲပြောင်းတာဝန်ပေးထားသော်လည်း ကုန်ကျစရိတ်ကို တာဝန်ယူနိုင်သူ မရှိသောကြောင့်  မစစ်ဆေးရသေးကြောင်း အစည်းအဝေးတက်ရောက်သူတစ်ဦးက ပြောသည်။
ထိုအမှုနှင့် ပတ်သက်၍ သေဆုံးသူ၏ မိသားစုမှ အာဆီယံနိုင်ငံများမှ ကာကွယ်ရေးဦးစီးချုပ်များနှင့် သမ္မတဦးသိန်းစိန် ထံစာပို့ရန် စီစဉ်ခဲ့သေးသည်။
No comments:
Post a Comment