Wednesday, October 2, 2013

ယုဇန ဥယျာဉ်အိမ်ရာတွင် လိုင်စင်မဲ့ယာဉ်တစ်စီး ထပ်မံဖမ်းဆီးရမိပြန်

ဇော်ဇော်ထွေး | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၀၂ ရက် ၂၀၁၃

ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်အိမ်ရာတွင် လိုင်စင်မဲ့ယာဉ်တစ်စီးကို စက်တင်ဘာ ၃၀ ရက်က ထပ်မံဖမ်းဆီးရမိ ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။

ဒဂုံဆိပ်ကမ်းရဲစခန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့စုတို့ပါဝင်သော ပူးပေါင်းအဖွဲ့ကသက်သေများနှင့်အတူ (၉၄) ရပ်ကွက်၊ ယုဇနအိမ်ရာ အေ (၁၅)လမ်း၊ အခန်း(၀၀၂)ရှေ့တွင် လိုင်စင်မဲ့ယာဉ်တစ်စီးရပ်ထားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ကြသည်ဟုဆိုထားသည်။

ထို့ကြောင့် သတင်းရရှိသည့်နေရာတွင် ယာဉ်အမှတ် ၄ဂ/-----Road Star အမျိုးအစားယာဉ်အား ရပ်ထားသည်ကိုတွေ့ခဲ့သည်။ ထို့နောက် ယာဉ်ပိုင်ရှင်ဖြစ်သူမှာ မောင်မောင်ဆန်း (၃၆)နှစ်၊ ယာဉ်မောင်း၊ တိုက်(၁၈)၊ အခန်း(၃၀၂) တွင် နေထိုင်သူ ဖြစ်ကြောင်းကို ရဲတပ်ဖွဲ့ကစစ်ဆေးအတည်ပြုထားသည်။

ထို့နောက် ယာဉ်ပိုင်ရှင်ဖြစ်သူအား ယာဉ်နှင့် ပတ်သက်သည့် အထောက်အထား စာရွက်စာတမ်းများအား စစ်မေးရာပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်းကို စစ်ဆေးတွေ့ရှိရသည်ဟုလည်း ရဲတပ်ဖွဲ့က ဆိုထားသည်။

ထို့ကြောင့် မောင်မောင်ဆန်းအား အရေးယူပေးရန် ဒု-ရဲအုပ်ဝင်းကိုက တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ဒဂုံဆိပ်ကမ်း ရဲစခန်း က (ပ)၃၃၅/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ပို့ကုန်၊ သွင်းကုန်ဥပဒေပုဒ်မ (၈) ဖြင့် တရားစွဲ တင်နိုင်ရန် တိုင်တန်းခံထား ရသူအား ဖမ်းဆီးစစ်ဆေးနေသည်ဟု သိရသည်။

သြဂုတ်လ ၁၃ ရက်ကလည်း အဆို ပါ (၉၄)ရပ်ကွက်၊ အေ- ဘလောက် (၁၇)လမ်းတွင်းတွင် လိုင်စင်မဲ့ ယာဉ်တစ်စီး ကို တွေ့ရှိ သိမ်းဆည်းပြီး ၎င်းယာဉ်အားစီးနင်းနေသည့် ပိုင်ရှင်ဖြစ်သူအငြိမ်းစား ၀န်ထမ်း တစ်ဦးကိုလည်း ပို့ကုန် သွင်းကုန် ဥပဒေပုဒ်မ (၈) ဖြင့် အရေးယူဆောင်ရွက်ခဲ့သည်။

No comments: