ကေဇင်ဦး
သံတွဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် အိုးအိမ်စွန့်ခွာခဲ့ရသော ဒုက္ခသည်များကို အထောက်အပံ့ပေးရာ တွင် အစိုးရထုတ်ပြန်သော မီးလောင်ကျွမ်းမှုစာရင်းတွင်မပါသည့် လူဦးရေ၄၅၀ကိုအထောက်အပံ့ပေးနိုင်မည် မဟုတ်ကြောင်း သံတွဲခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက အောက်တိုဘာလ၂၃ရက်တွင် မဇ္ဈိမကို ပြောသည်။
“နှစ်ဖက်စလုံးက တကယ် မီးလောင်ဆုံးရှုံးတဲ့ ဒုက္ခသည်တွေကို ကျွန်တော်တို့အနေနဲ့ စာရင်းပြုစုထားပါ တယ်။ပြည်နယ်အစိုးရအဖွဲ့တွေကိုယ်တိုင် လာရောက် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ လတ်တလော တိမ်းရှောင်နေတဲ့ သူတွေဟာ ဒုက္ခသည်ထဲမှာ မပါဝင်ပါဘူး။ မကြာခင် သူတို့နေရပ်ကို သူတို့ပြန်မှာပါ။ လုံခြုံ ရေးအတွက်လည်း ကျွန်တော်တို့ဘက်က စီစဉ်ထားပါတယ်”ဟု ဦးထွန်းဝေက ပြောကြားသည်။
အစိုးရအဖွဲ့က ထုတ်ပြန်သော စာရင်းအရ အိုးမဲ့အိမ်မဲ့ဖြစ်ရသော အိမ်ထောင်စုပေါင်း(၁၁၂)စုနှင့် လူဦး ရေ(၄၈၇) ဦး၊ ဘာသာရေးအဆောက်အအုံ သုံးလုံးနှင့် ဆီဂိုဒေါင်တစ်လုံးရှိပြီး အများစုမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်သည် ဟု အောက်တိုဘာလ ၁၄ ရက်က ထုတ်ပြန်သည်။
သို့သော် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် ဦးဆောင်သော ရခိုင်လူမှုအဖွဲ့အစည်းများသည်အောက်တိုဘာလထဲတွင် သံတွဲမြို့နယ်သို့ သွားရောက် ကောက်ခံသော စာရင်းများအရ သူဌေးကျောင်း တိုက်နယ်အုပ်စုရှိ ဘုန်းကြီးကျောင်း ခြောက်ကျောင်းတွင် ခိုလုံလျက်ရှိသော ရခိုင်ဒုက္ခသည် အိမ်ထောင်စု ၂၀၅ စုနှင့် လူဦးရေ ၄၅၀ ကျော်ရှိသည်ဟု ဆိုသည်။ ထိုအဖွဲ့က အစ္စလာမ်အိမ်ထောင်စု များကိုမူ စာရင်းကောက်ခံ ခဲ့ခြင်း မရှိပေ။
သံတွဲမြို့နယ်၊ သူဌေးကျောင်း တိုက်နယ်အုပ်စုရှိ ဇီးကျွန်းဘုန်းကြီးကျောင်းတွင် အိမ်ထောင်စု ၂၅ စုနှင့် လူဦးရေ ၆၅ ဦး၊ ဆင်ခေါင်တောင်အောက်ကျောင်းတွင် အိမ်ထောင်စု ၃၀ စုနှင့် လူဦးရေ ၅၅ ဦး၊ ညောင်ခြေထောက်ကျောင်းတွင် အိမ်ထောင်စု ၇၀ စုနှင့် လူဦးရေ ၁၀၅ ယောက်၊ ငလျင်တောင်ကျောင်းတွင် အိမ်ထောင်စု ၄၅ စုနှင့် လူဦးရေ ၁၂၇ ယောက်၊ အင်တိုင်ကြီးကျောင်းတွင် အိမ်ထောင်စု၂၅ စုနှင့် လူဦး ရေ ၅၀ ယောက်၊ ခမောင်းတုန်းကျောင်းတွင် အိမ်ထောင်စု ၁၀ စုနှင့် လူဦးရေ ၄၂ ယောက်ရှိသည်ဟု ဦး ဇော်အေးမောင်နှင့်အဖွဲ့က ထုတ်ပြန် သည်။
ထို့အပြင် သံတွဲမြို့နယ်အတွင်းက ပဋိပက္ခဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အောက်တိုဘာလ ၃ ရက်မှ စတင်ကာ ဖမ်းဆီးခဲ့သော ၇၈ ဦးအနက် ငါးဦးကို အောက်တိုဘာလ ၁၄ ရက်တွင် ပြန်လည် လွှတ်ပေးခဲ့သေးသည်။
၂၀၁၂ ခုနှစ်မှ စတင်ကာ ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ဒုက္ခသည် တစ်သိန်းကျော် ရှိနေပြီး ယင်းဒုက္ခသည်အများစုအတွက် အမိုးအကာနှင့် နေအိမ်များကို UNHCR နှင့် အစိုးရအဖွဲ့ တို့ ပူးပေါင်းကာ ဆောက်လုပ်ပေးထားသော်လည်း လုံလောက်မှုမရှိသေးကြောင်း အစိုးရ အဖွဲ့ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က မဇ္ဈိကို ပြောခဲ့ဖူးသည်။
No comments:
Post a Comment