Tuesday, October 1, 2013

မန္တလေးတိုင်းရှိ မီးမရသေးသော ကျေးရွာ နှစ်ထောင်ကျော်ကို ၂၀၁၅ မီးလင်းရန် စီစဉ်နေဟု ဆို

အောင်ကိုဦး | အင်္ဂါနေ့၊ အောက်တိုဘာလ ၀၁ ရက် ၂၀၁၃

မန္တလေးအတိုင်းအတွင်းရှိ လျှပ်စစ်မီးမရရှိသေးသော ကျေးရွာနှစ်ထောင်ကျော်ကို ၂၀၁၅ခုနှစ်တွင် ကျေးရွာအားလုံး မီးရရှိစေရန် ဆောင်ရွက်သွားမည်ဟု မန္တလေးတိုင်း အစိုးရအဖွဲ့က ပြောကြားလိုက်သည်။
 
မန္တလေးအတိုင်းအတွင်း မီးမရရှိသေးသော ကျေးရွာများအား မီးပေးရာတွင် မဟာဓာတ်အားလိုင်းနှင့်နီးသောကျေးရွာများကို မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးပေးမည်ဖြစ်ပြီး မဟာဓာတ်အားလိုင်းနှင့် မနီးသော ကျေးရွာများ ကိုမူ ရေအားလျှပ်စစ်ဖြင့် ပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးအဖွဲ့မှ ပြောရေးဆို ခွင့်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် မဟာဓာတ်အားလိုင်းနှင့်ဝေးပြီး ရေအားလျှပ်စစ်အသုံးပြု၍ မရနိုင်သော ဒေသများကိုမူ ဆိုလာစနစ်၊ ဒီဇယ်အင်ဂျင်စနစ်တို့ဖြင့် မီးလင်းရေးအတွက် ဆောင်ရွက်ရန်ရှိပြီး ကျေးရွာမီးလင်းရေးအတွက် ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)မှ ငွေကျပ် သန်းပေါင်း ၄၅၁၁ သန်းကို မန္တလေးတိုင်း အစိုးရထံ လှူဒါန်းထားပြီးဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

လှူဒါန်းရရှိသော ငွေများအား ဒီဇယ်အင်ဂျင်စက်ကြီးများ ၀ယ်ယူခြင်း၊ မဟာဓာတ်အားလိုင်းများ သွယ်တန်းခြင်းနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်းတို့ ဆောင်ရွက်နေပြီး ဆိုလာစနစ်ဖြင့် မီးလင်းရေးအတွက်မူ တိုင်းအစိုးရအဖွဲ့၏ စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

မန္တလေးတိုင်းတွင် ကျေးရွာပေါင်း ၄,၇၇၇ ရွာရှိပြီး ၂,၃၀၄ ရွာသာ မီးရရှိသေးကြောင်း မန္တလေးတိုင်းအစိုး ရအဖွဲ့၏ မှတ်တမ်းများအရ သိရသည်။ လက်ရှိတွင် မန္တလေးတိုင်း ရမည်းသင်းခရိုင်ရှိ ကျေးရွာ ၁၃၄ရွာ၊ မြင်းခြံခရိုင်တောင်သာမြို့နယ်ရှိ ကျေးရွာပေါင်း၂၇ရွာနှင့် သပိတ်ကျင်းမြို့နယ်၊ စဥ့်ကူးမြို့ရှိ ကျေးရွာများ အပါအ၀င် ကျေးရွာပေါင်း ၇၇၉ ရွာသည် ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် မီးရရှိပြီဖြစ်သည်။

No comments: