Tuesday, October 1, 2013

သယံဇာတခွဲဝေရရှိရေး ရမ်းဗြဲ မြို့ခံများဆန္ဒပြ

မြနှင်းသူ

ရမ်းဗြဲဒေသခံ လူပေါင်းတစ်ထောင်ကျော်က ရွှေ သဘာဝဓါတ်ငွေ့မှ အကျိုးခံစားခွင့် ခွဲဝေရရှိရေးအတွက် စက်တင်ဘာလ ၃၀ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

မိမိတို့ ဒေသမှထွက်ရှိသည့် သယံဇာတမှ အကျိုးစီးပွားကို ယနေ့အချိန်ထိ ရမ်းဗြဲဒေသခံများ မခံစားရသေးသော်လည်း သယံဇာတကျိန်စာများကို ခါးစည်းစွာ ခံစားနေရသဖြင့် ဆန္ဒပြတောင်းဆို ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်သူ ဗိုလ်ကြီး(ငြိမ်း) ဦးထွန်းကြည် က " ကျောက်ဖြူနည်းတူ ရွှေသဘာ ၀ဓါတ်ငွေ့က လျှပ်စစ်မီးရရှိရေးအတွက် ဆန္ဒပြတာပါ။ အင်အား တစ်ထောင်ဝန်းကျင်ရှိပါတယ်။ ရမ်းဗြဲမြို့ မြို့နယ် ဓမ္မာရုံကနေ စထွက်ပြီးတော့ မြို့ပတ်ဆန္ဒပြတာဖြစ်ပါတယ်။ ဒေသအာဏာပိုင်များက ဒေသဖွံဖြိုးရေးအတွက် ဆိုပြီးတော့ လိုလိုလားလားခွင့်ပြုပါတယ်။၂၅ ရက်နေ့က ခွင့်ပြုချက်တောင်းခံခဲ့ပြီး ၂၇ ရက်နေ့ညနေ ၃ နာရီ အချိန်ခွင့်ပြုချက် ပေးခဲ့ပါတယ်။ အဓိက ရွှေ သဘာဝဓါတ်ငွေ့က တောင်းတာပါ။ ရမ်းဗြဲကျွန်းတွင် ကျောက်ဖြူနဲ့ ရမ်းဗြဲနှစ်မြို့သာရှိပြီး ကျောက်ဖြူကို ရွှေသဘာဝဓါတ်ငွေ့က ပေးတယ်၊ ရမ်းဗြဲကိုကျတော့ ချန်ထားခဲ့တယ်၊ အဲဒါကြောင့် တောင်းရတာဖြစ်ပါတယ်။ " ဟု အာရ်ကန်တိုင်းမ်စ် သတင်းဌာနကို ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အနှံ့ သဘာဝဓါတ်ငွေ့က ထွက်ရှိလာသည့် အကျိုးကျေးဇူးများကို ခံစားခွင့်ရရှိရေး တောင်းဆိုမှုများ ဆက်တိုက်ဖြစ်ပေါ်နေသော်လည်း လက်ရှိအနေအထားအရ ကျောက်ဖြူတစ်မြို့တည်းသာ လျှပ်စစ်မီးကို ပြည်မဈေးနှုန်းအတိုင်း အသုံးပြုခွင့်ရရှိထားသည်။ ကျန်မြို့နယ်များမှာ လျှပ်စစ်သုံးစွဲခမှာ ပြည်မဈေးနှုန်းထက် ၁၅ ဆခန့်ပိုမိုနေသည်။ ရခိုင်ပြည်သူ သုံးပုံနှစ်ပုံမှာ လျှပ်စစ်မီး ထိတွေ့အသုံးပြုနိုင်ခွင့်မရသေးပေ။

ယခုနှစ်ဧပြီလ ၁၈ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းတွင် ရွှေသဘာဝဓါတ်ငွေ့ကြောင့် နစ်နာမှုများရှိနေသဖြင့် ဆန္ဒပြတောင်းဆိုခဲ့ရာ ဦးဆောင်ဆန္ဒပြသူ ၁၀ဦး ကို ပုဒ်မ ၁၈ နှင့် တရားစွဲဆိုခဲ့ပြီး ယခုလ ၁၈ ရက်နေ့က ထောင်သုံးလ ပြစ်ဒဏ်ချမှတ်လိုက်သည်။

No comments: