ယုဝေ | တနင်္လာနေ့၊ အောက်တိုဘာလ ၀၇ ရက် ၂၀၁၃
တစ်နှစ်အတွင်း သယ်ယူခဲ့သည့် ရုပ်အလောင်းအရေအတွက် တစ်သောင်းပြည့်ချိန်တွင် တစ်သောင်း ပြည့်မြောက် သည့် ကွယ်လွန်သူအတွက် ရည်စူး၍ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ကုသိုလ်ကောင်းမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ယခုနှစ်အတွက် အောက်တိုဘာ ၇ ရက်တွင် ပြုလုပ်သွားမည် ဖြစ်သည်။
ယင်းသို့ ပြုလုပ်ပေးခြင်းမှာ ၂၀၀၆ ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ရှစ်နှစ်မြောက် ရှိပြီဖြစ်သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ၂၀၁၃ ခုနှစ်အတွက် နာရေးကူညီမှု စုစုပေါင်း တစ်သောင်းပြည့်သည့်အတွက် ကုသိုလ်ကောင်းမှု ပြုလုပ်ပေးရာတွင် သံဃာတော်များ၊ အသင်းသူ/သားများ၊ နယ်အသီးသီးတို့ မှ ပရဟိတအဖွဲ့များ၊ ၀တ်ရွတ်အဖွဲ့များ ပါဝင်ဆောင်ရွက်သွားမည် ဖြစ်သည်။
နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက “၂၀၀၅ ခုနှစ်အထိ တစ်နှစ်ကို ရုပ်အလောင်း ၈၀၀၀၊ ၉၀၀၀ လောက်ပဲ သယ်ယူပေးခဲ့ရတာပါ။ ၂၀၀၆ ခုနှစ်ကနေစပြီး သယ်ယူပေးခဲ့ရတာက ၁၀၀၀၀ ကျော်လာပါတယ်။ အဲဒီနှစ်ကနေစပြီး ဒီလိုမျိုးပွဲလေးလုပ်ဖြစ်တာပါ။ အခုဆိုရင် အဖွဲ့ စထောင်တဲ့ အချိန်ကနေစပြီး သယ်ခဲ့ရတဲ့ ရုပ်အလောင်းပေါင်းက အောက်တိုဘာ ၇ ရက်နေ့အထိဆိုရင် ၁၃၄၀၀ ကျော်တော့မှာပါ” ဟု ပြောသည်။
နာရေးကူညီမှုအသင်း အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်ကလည်း “အခုဆိုရင် နာရေးကူညီမှုအသင်း တည်ထောင်ခဲ့တာ ၁၂ နှစ် ကျော်လာပါပြီ။ တစ်နေ့ကို သြိပ (ရုပ်အလောင်း) ပေါင်း ၃၀ ကနေ ၅၀ ကြား သယ်ရ ပါတယ်။ စေတနာ့ဝန်ထမ်းကလည်း ၅၀၀ ကျော်ပါပြီ”ဟု ပြောသည်။
နာရေးကူညီမှုအသင်း (ရန်ကုန်)ကို ၂၀၀၁ ခုနှစ်ဇန်န၀ါရီ ၁ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး အသင်း၏ နာယကမှာ ဦးသုခဖြစ်သည်။ အသင်း၏ခံယူချက်မှာ အသင်းသူအသင်းသားများသည် “မေတ္တာကရုဏာ -မုဒိတာ-ဥပက္ခော ဟူသည့် ဗြဟ္မစိုရ်တရားလေးပါးကို နှလုံးသွင်းကာ အများပြည်သူတို့၏ နာရေး၊ ကျန်း မာရေး၊ ပညာရေး အစရှိသည့် ကိစ္စရပ်များအား တာဝန်ယူ ကူညီဖေးမ ဆောင်ရွက်ကြပါမည်”ဟု ဖြစ် သည်။
အသင်း၏ရည်ရွယ်ချက်မှာ လူမျိုးဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေးကိစ္စများအတွက် အကူအညီတောင်းခံလာပါက အသင်း၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ (အခမဲ့) ကူညီ ဆောင်ရွက်ပေးရန် ဖြစ်သည်။
ဆေးကုသမှုခံယူရန် လိုအပ်သော ချို့တဲ့နွမ်းပါးသည့် လူနာများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကူညီမှုပေးခြင်း၊ အထွေထွေခွဲစိတ်ကုသမှုစရိတ် ပေးခြင်းများကိုလည်း လူမျိုးဘာသာမရွေး ကုသိုလ်ပြုရန်ဆိုသည့် အချက်လည်း ပါဝင်သည်။
ယင်းအပြင် အနာဂတ် မျိုးဆက်သစ်လူငယ်များ၏ စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာနှင့် အသိပညာ၊အတတ်ပညာ၊ ဗဟုသုတများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကူညီဆောင်ရွက်ရန်စသည့် ရည်ရွယ်ချက်များလည်း ပါဝင်သည်။
သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အခါအားလျော်စွာ ဒုက္ခသည်များအား လိုအပ်သည့် အရေးပေါ် ကူညီ ကယ်ဆယ် ထောက်ပံ့မှုများ ပြုလုပ်ရန်ဆိုသည့် အချက်လည်း ပါဝင်သည်။
No comments:
Post a Comment