မင်းမင်း
ပဲခူးတိုင်းအတွင်း ၁၁ မြို့နယ်ရှိ လမ်း၊တံတားများ ဆောက်လုပ်ရန် တင်ဒါအောင်ထားသည့် ရွှေလွင်လွင်ဆောက်လုပ်ရေးကုမ္ပဏီသည် လက်ခံထားသည့် လုပ်ငန်းပေါင်း ၂၀ ကျော်အနက် လုပ်ငန်း ခုနစ်ခုမှာသတ်မှတ်ချိန် အတွင်းမပြီးသည့်အတွက် အစိုးရမှ အရေးယူဆောင်ရွက်ပေးနိုင်ရန် အမျိုးသားလွှတ်တော်တွင် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးသိန်းဝင်းက အောက်တိုဘာ ၂၃ တွင် အရေးဆိုလိုက်သည်။
ပဲခူးတိုင်းအတွင်း လမ်းတံတားများ တည်ဆောက်ရန်တွက် အဆိုပါရွှေလွင်လွင် ဆောက်လုပ်ရေးကုမ္ပဏီ နှင့် အစိုးရတို့က စာချုပ်ချုပ်ဆိုထားပြီး ယခုနှစ်မတ်လကုန်တွင် အပြီးသတ်ဆောင်ရွက်ရန် စာချုပ်တွင်ပါ ရှိသည်။
သတ်မှတ်ကာလအတွင်း ပြီးစီးခြင်းမရှိပါက တစ်ရက်လျှင် ငါးသောင်းကျပ်နှုန်းဖြင့် ဒဏ်ဆောင်ရမည်ဖြစ်ပြီး ကုမ္ပဏီမှ စပေါ်တင်ထားသော လုပ်ငန်းတန်ဖိုး၏ ဆယ်ရာခိုင်နှုန်းကိုလည်း ပြန်ရမည်မဟုတ်ကြောင်း စာချုပ်တွင် ပါရှိထားသည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်လည်းဖြစ်သူ ဦးသိန်းဝင်းက မဇ္ဈိမသို့ ပြောသည်။
သို့သော်လည်း လုပ်ငန်းပြီးဆုံးရန် သတ်မှတ်ထားသည့် အချိန်မှာ ခုနစ်လနီးပါး ရှိနေပြီဖြစ်ပြီး ယခုချိန်ထိလည်း လုပ်ငန်းများ ပြီးစီးသေးခြင်းမရှိသော်လည်း အစိုးရကလည်း စာချုပ်ပါအတိုင်း အရေးယူ ဆောင်ရွက်မှု မရှိသဖြင့်အောက်တိုဘာ ၉ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် ဦးသိန်းဝင်းက အဆိုတင်ခဲ့ခြင်းဖြစ်သည်။
ရွှေလွင်လွင်ကုမ္ပဏီမှ တင်ဒါအောင်ထားသည့် လုပ်ငန်း ၂၀ ကျော်၏ ကုန်ကျမည့်တန်ဖိုးမှာ ကျပ်သန်းပေါင်း ၁၁၅၇ ဒသမ၂၇၀ ဖြစ်ပြီး ယင်းကုန်ကျငွေ၏ ၈၀ ရာခိုင်နှုန်းကိုလည်း ကုမ္ပဏီက ထုတ်ယူခဲ့ပြီး ဖြစ်သည်ဟုလည်း ဦးသိန်းဝင်းက ပြောသည်။
“၀န်ကြီးဌာနရဲ့ အရေးယူဆောင်ရွက်မှုက နှေးကွေးနေတယ်။ အဖြေကို စောင့်ကြည့်ရမှာလေ။ စောင့်ကြည့်လို့မှကွေးဦးမယ်ဆိုရင် လွှတ်တော်မှာ ထပ်အော်ဦးမှာပဲ”ဟု ဦးသိန်းဝင်းက အောက်တိုဘာ၂၃ ရက်က မဇ္ဈိမကို ပြော သည်။
၎င်း၏အဆိုနှင့်ပတ်သက်ပြီး ထောက်ခံဆွေးနွေးရန် အမတ်လေးဦးကလည်း စာရင်းပေးထားရာ အောက်တိုဘာ၂၃ ကပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် ဆွေးနွေးခဲ့ကြပြီး အမတ်နှစ်ဦး ဆွေးနွေးအပြီးတွင် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနမှ လာရောက် ဖြေကြားခြင်းမရှိသည့်အတွက် ဥပဒေအရ အဆိုတင်ပြီး ၂၁ ရက်ကြာသည် အထိစောင့်ရန် လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဆုံးဖြတ်ခဲ့သည်။
သတ်မှတ်ကာလအတွင်း မပြီးသည့်အတွက် ဇွန်လအတွင်း အပြီးသတ်ပြုလုပ်မည်ဟု ထိုကုမ္ပဏီမှ ပဲခူးတိုင်း ၀န်ကြီးချုပ်ထံသို့ တင်ပြခဲ့ရာ လက်ရှိအချိန်ထိ မပြီးသေးသည်ကို “၀န်ကြီးချုပ်က ခွင့်လွှတ်သည်မှာလည်း သဘောကောင်းလွန်းသည်ဟု ထင်မြင်ယူဆမိပါတယ်ဟု အဆိုကိုဆွေးနွေးခဲ့သည့် ချင်းပြည်နယ်မှအမတ် ဦးပေါ်လျှံလွင်က လွှတ်တော်တွင် ဝေဖန်ခဲ့သည်။
အဆိုပါ ရွှေလွင်လွင်ကုမ္ပဏီမှာ ယင်းကဲ့သို့ သတ်မှတ်ချိန်အတွင်း ပြီးစီးခြင်းမရှိသည့်အပြင် နတ္တလင်းမြို့နယ် အတွင်းရှိ ခုနစ်မိုင်အရှည်ရှိသည့် နတ္တလင်း-ဒမငယ်-တောင်ညိုလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းတွင်လည်း သတ်မှတ်ထားသည့် ကျောက်ကို သုံးထားခြင်းမရှိဟုလည်း ဦးသိန်းဝင်းက ပြောသည်။
“ချောင်းကျောက်ကို နှစ်လက်မထု ခင်းရမယ်။ အပေါ်ကအုပ်ပြီး ခင်းပေးရမှာ။ အဲ့ဒီအစားကို သူက မြေနီ ကျောက် စရစ်ကို သုံးလိုက်တယ်။ မြေနီကျောက်စရစ်က ကျောက်စရစ်များတဲ့မြေဆိုရင် ကိစ္စမရှိဘူး။ အခုက ကျောက်နည်း နည်းလေး ပါတဲ့ဟာကို သုံးလိုက်တဲ့အတွက် လမ်းက တာရှည်လည်းမခံဘူး”ဟု သူ ကပြောသည်။
၎င်းက ဆက်၍ “အခု ဟိုတစ်စု၊ ဒီတစ်စုနဲ့ အပြည့်လည်း မခင်းဘူး။ လမ်းကြီးက ဘာဖြစ်နေလဲဆိုတော့ တစ်ဖာလုံခွဲလောက်ကတော့ ကျောက်ခင်းထားမယ်။ ကျန်တဲ့နေရာတွေမှာ ဘာမှ မလုပ်ဘူး။ အဲ့ဒါဆိုတော့ ဆိုင်ကယ်လည်း သွားလို့မရဘူး။ လူလည်း သွားလို့မရဘူး” ဟု ဆိုသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ထိုဒေသခံများ ၎င်းတို့ကော်မတီသို့ တိုင်ကြားထားသည့်အတွက် ကွင်းဆင်း လေ့လာမှု အရ သိရခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရွှေလွင်လွင်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ၏ လက်ကိုင်ဖုန်းနံပါတ်ကိုမဇ္ဈိမက ရရှိထား သဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည် ဖြေဆိုခြင်း မရှိပေ။
ဦးသိန်းဝင်း၏ ပြောပြချက်အရ ရွှေလွင်လွင်ကုမ္ပဏီမှ ပြီးစီးခြင်းမရှိသေးသည့် လုပ်ငန်းများမှာ ခုနစ်မိုင် အရှည်ရှိ သည့် နတ္တလင်း - ဒမငယ်-တောင်ညိုလမ်း ကျောက်ချောခင်းလမ်းအပြင် အရှည် ၂၀ ပေရှိ သာယာဝတီ -ဗေဒင်ကုန်း-ချီကြီးကွင်းလမ်းရှိ တံတား၊ အရှည် ၂၀ ပေရှိသည့် သာယာဝတီ-လှည်းကူး ဇိမ့်ဇာတံတား၊ အရှည်ပေ ၄၀ ရှိသည့် လက်ပံတန်း-ကျခတ်ရိုး သစ်သားတံတား၊ ငါးမိုင်အရှည်ရှိသည့် ပေါင်းတည်-တပွန် ကတ္တရာလမ်း၊ အရှည်ပေ ၆၀ ရှိသည့် လက်ပံတန်း -ရေသောက်ရိုး သစ်သားတံတားတို့ဖြစ်သည်။
No comments:
Post a Comment