Wednesday, October 2, 2013

နိုင်ငံတော် သမ္မတ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး ယနေ့တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့မည်

ကေဇင်ဦး

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာ ၁ ရက်က ရခိုင်ပြည်နယ်သို့ ရောက်ရှိကာ မြို့လေးမြို့သို့ သွားရောက်ခဲ့ပြီး အောက်တိုဘာ၂ ရက်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လွှတ်တော်ရုံးတွင် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင် က အောက်တိုဘာ ၁ ရက်တွင် မဇ္ဈိမသို့ပြောသည်။

၎င်းက “ ပြည်နယ်အစိုးရအဖွဲ့ရုံး လွှတ်တော်ရုံးမှာ ၀န်ကြီးချုပ်အပါအ၀င် ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့မယ်“ ဟု ပြောသည်။

သမ္မတ ဦးသိန်းစိန်သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့အောက်တိုဘာ ၁ ရက်နံနက် ကရောက်ရှိခဲ့ပြီး မြောက်ဦးမြို့၊ကျောက်တော်မြို့နှင့် မောင်တောမြို့များသို့ သွားရောက်ခဲ့သည်။ သမ္မတသည် မောင်တောမြို့ဒေသခံ လူမှုအဖွဲ့ အစည်းခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ဒေသတွင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့သည်ဟု မောင်တော်ခရိုင် ဥပဒေအရာရှိ ဦးမြင့်သန်းက မဇ္ဈိမကို ပြောသည်။

၎င်းအပြင် ကျောက်တော်မြို့နယ်မှ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များက ဒေသတွင်း လျှပ်စစ်မီးရရှိရေးနှင့် မြို့တွင်းရေပေးဝေရေး ကိစ္စများကိုတင်ခဲ့သည်ဟု သမ္မတနှင့်အတူ လိုက်ပါသွားသော ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်၏ ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးလှဟန်က “မနက်ဖြန်မှာအစိုးရအဖွဲ့နဲ့ တွေ့ရင်လည်း တရားဥပဒေစိုးမိုးရေးကိစ္စကို ပြောမယ်လို့ထင်ပါတယ်။ သမ္မတက ဒေသတွင်း တရားဥပဒေစိုးမိုးစေချင်သလို ကျွန်တော်တို့ဒေသမှာနေထိုင်တဲ့ လူတစ်ဦးချင်းစီရဲ့အသိစိတ်တွေမှာလဲ တရားဥပဒေစိုးမိုးရေးကို မြတ်နိုးဖို့ လိုပါတယ်”ဟု မဇ္ဈိမသို့ပြောသည်။

ရခိုင်ပြည်နယ် သံတွဲမြို့နယ် အတွင်းဖြစ်ပေါ်နေသော ပဋိပက္ခများနှင့်စပ်လျဉ်း၍ သမ္မတဦးသိန်းစိန်အနေဖြင့် တစုံတစ်ရာပြောဆိုခြင်း မရှိသေးဟုလည်း ဦးလှဟန်က ပြောသည်။

“လူမှုအခြေပြုအဖွဲ့တွေနဲ့ တွေ့တဲ့အခါမှာတော့ သံတွဲကိစ္စကို ဘာမှပြောတာမရှိသေးပါဘူး၊ ဒါပေမယ့် ဒီကိစ္စကို အားလုံးလည်း သိနေတယ်။သမ္မတလည်းသိနေတော့ မနက်ဖြန်မှာ တစ်ခုခုတော့ပြောမယ်လို့ ထင်ပါတယ် သံတွဲကို သွားမယ်မသွားတော့ မသိသေးပါဘူး”ဟု ၄င်းက ပြောသည်။

သမ္မတဦးသိန်းစိန်သည် ၄င်း၏ သမ္မတသက်တမ်းကာလတွင် ရခိုင်ပြည်နယ်သို့ ပထမအကြိမ် ရောက်ရှိခြင်းဖြစ်ပြီး သမ္မတရောက်ရှိသည့် အောက်တိုဘာ ၁ ရက်တွင် သံတွဲမြို့၌ မီးရှို့မှုများဖြစ်ပေါ်ခဲ့သည်။

သမ္မတဦးသိန်းစိန်သည် အောက်တိုဘာ ၁ ရက် ညနေပိုင်းတွင် စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိပြီး ရခိုင်ပြည်နယ်မြို့နယ် ၁၇ မြို့နယ်အနက် မြောက်ဦး၊ ကျောက်တော်၊ မောင်တောနှင့် စစ်တွေမြို့များသို့သွားရောက်ခဲ့ပြီးဖြစ်သည်။

No comments: