ကန္တာရ၀တီတိုင်း(မ်)
ယခုလ အောက်တိုဘာလအတွင်း နေပြည်တော်၌ အစိုးရမှ ခေါ်ယူကျင်းပပြုလုပ်မည့် တနိုင်ငံလုံး ပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှ သွားရောက်လက်မှတ်ထိုးနိုင်မည် မဟုတ်ကြောင်း ပြောဆိုပါသည်။
တနိုင်ငံလုံးအတိုင်းအတာဆောင် အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲ ဖြစ်မြောက်နိုင်ရန် ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ (UPWC) မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား အကြိုတွေ့ဆုံမှုများ ပြုလုပ်ပြီးနောက် ယခုလို ပြောဆိုလိုက်ခြင်းဖြစ်သည်။
“တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေးလုပ်မယ်ဆိုရင် KNPP တဖွဲ့ထဲ အနေနဲ့ကတော့ ကျနော်တို့ လက်မှတ်သွားထိုးဖို့ ဆုံးဖြတ်ချက်မရှိသေးဘူး”ဟု KNPP အတွင်းရေးမှူး-၁ အောင်ဆန်းမြင့်က ပြောသည်။
တနိုင်ငံလုံးအတိုင်းအတာဆောင် ပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲပြုလုပ်နိုင်ရန် UPWC မှ တိုင်းရင်းသား လက်နက်ကိုင်အင်အားစု အဖွဲ့ (၁၁)ဖွဲ့ပါဝင်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီUNFC နှင့် ပြီးခဲ့သည့် စက်တင်ဘာလ ၈ရက်နေ့က ထိုင်းနိုင်ငံချေးမိုင်မြို့တွင် အကြိုတွေ့ဆုံပွဲပြုလုပ်ခဲ့ချိန် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက တောင်းဆိုထားသည်။
“UNFC အနေနဲ့သွားလို့ လက်မှတ်ထိုးမယ်ဆိုလို့ရှိရင်လဲ ကျနော်တို့ခုဏပြောတဲ့ ရှေ့ဆက်သွားမည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ အတွက်ကို အာမခံချက်တွေရှိဖို့ကို ကျနော်တို့ တောင်းဆိုရမှာဖြစ်တယ်”ဟု အောင်ဆန်းမြင့်ကပြောသည်။
KNPP ကဲ့သို့ UNFC အတွင်း အစိုးရဖိတ်ခေါ်သည့် လက်မှတ်ထိုးပွဲကို တက်ရောက်ရန် ဆုံးဖြတ်ချက် မချသေးသည့် အဖွဲ့ဝင်များရှိနေသလို တက်ရောက်လိုသောအဖွဲ့များလဲ ရှိနေသည်။
UNFC အဖွဲ့ဝင်များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ရှမ်းပြည်ပြန်လှည်ထူထောင်ရေးကောင်စီ RCSS/SSA နှစ်ဖွဲ့ပူးတွဲပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပြည်လုံးကျွတ်အပစ်ရပ်ပြီး နိုင်ငံရေးဆွေးနွေးရန် အစိုးရအားတိုက်တွန်းသည့် ပူးတွဲကြေညာချက်တစောင်ကို ဇွန်လိုင်လ ၁၇ရက်နေ့က ထုတ်ပြန်ခဲ့သည်။
“အဖွဲ့အချို့ပဲပါပြီးတော့ အဖွဲ့အချို့မပါနိုင်တဲ့ အခြေအနေအောက်မှာ ဒီလက်မှတ်ထိုးပွဲကြီးကို လုပ်မယ်ဆိုရင်တော့... ဒါကစစ်မှန်တဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး မြောက်မှာမဟုတ်ဘူး”ဟု ကယန်းပြည်သစ်ပါတီ ပြောခွင့်ရ ဗိုလ်မှူးကြီးစောလွင်ကပြောသည်။
အစိုးရနှင့် KNPP အကြား ပြည်ထောင်စုအဆင့်တွေ့ဆုံဆွေးနွေးမှု ဒုတိယအကြိမ် ထိရောက်မှု ရှိနေပြီဖြစ်သော်လည်း နှစ်ဘက်တပ်လုပ်ရှားမှု နယ်မြေများသတ်မှတ်ရေး၊ တိုးချဲ့ထားသောတပ်များ ပြန်လှည်ရုတ်သိမ်းပေးရေး၊ စစ်သင်တန်းကျောင်း ပြန်လှည်ရုတ်သိမ်းပေးရေးစသည့် စစ်ဘက်ဆိုင်ရာကိစ္စရပ်များအတွက် သဘောတူညီချက်များ မရရှိကြသေးပေ။
၂၀၁၂ခုနှစ်မေလ ၇ရက်နေ့ကစပြီး ပြည်နယ်အဆင့် ပထမဦးဆုံးအကြိမ် အပစ်ခတ်ရပ်သဘောတူ လက်မှတ်ရေးထိုး ခဲ့ပြီးသည့်နောက် နှစ်ဘက်တပ်အကြား တိုက်ပွဲတကြိမ်ဖြစ်ပွားခဲ့ပြီး ပြည်ထောင်စုအဆင့် ပထမအဆင့်နှင့်ဒုတိယအဆင့် ဆက်လက်တွေ့ဆုံပွဲပြီးနောက် တိုက်ပွဲများ ဆက်လက်မဖြစ်ပွားရန် ယနေ့ထိ ထိန်းသိမ်းထားနိုင်ခဲ့ကြသည်။
ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန်ကြိုးပန်းကြစဉ်ကာလအတောအတွင်း ကရင်နီပြည်၌ နှစ်ဘက်တပ်အကြား တိုက်ပွဲများဆက်လက်မဖြစ်ပွားစေရန် KNPP မှ ပြည်တွင်းဆက်ဆံရေးရုံး သုံးရုံးဖွင့်လှစ်ထားရှိပြီး တကြိမ်ထဲမှာပင် အဖွဲ့၏ရပ်တည်မှုအတွက် တမောချာကုမ္မဏီနှင့် ကယားဌာနီကုမ္မဏီနှစ်ခု ထူထောင်ပြီး စီးပွားရေးလုပ်ငန်းများ စတင်လုပ်ဆောင်လျက် ရှိနေပါသည်။
No comments:
Post a Comment