Saturday, June 21, 2014

ပြည်တွင်းဘဏ်သစ်များ ထပ်မံခွင့်ပြုခြင်းကို ဗဟိုဘဏ်က ထိန်းချုပ်ရန်လိုဟု အိုင်အမ်အက်ဖ် ထုတ်ပြန်ချက်၌ပါရှိ

ထင်လင်းအောင်

နိုင်ငံခြားဘဏ်လုပ်ငန်းများ ဖွင့်လှစ်ခွင့်ပေးရန် စီစဉ်နေသော မြန်မာနိုင်ငံသည် ဘဏ်လုပ်ငန်းဆိုင်ရာ အန္တရာယ်ကျရောက်မှုနည်းစေရန် ပြည်တွင်း ဘဏ်လိုင်စင်အသစ်များ ထပ်မံထုတ်ပေးခြင်းကို ထိန်းချုပ်ရန် လိုအပ်မည်ဟု အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ IMF မစ်ရှင်အဖွဲ့ခေါင်းဆောင် မစ္စတာမက်ဒေး ဗီးစ်က ဇွန်လ ၁၇ ရက်က ပြောခဲ့သည်။

မစ္စတာမက်ဒေးဗီးစ်သည် ဘဏ္ဍာရေးဝန်ကြီး၊ ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် အခြားဝန်ကြီးများပါဝင်သော တွေ့ဆုံမှု တစ်ရပ်ကို ဆောင်ရွက်ခဲ့ပြီးနောက် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ဘဏ္ဍာရေးကဏ္ဍ ခေတ်မီတိုးတက်စေရန် ဦးတည်ဆောင်ရွက်နေပြီး နိုင်ငံခြားဘဏ်များ ၀င်ရောက်လာမည့်အခြေအနေများရှိနေသဖြင့် ခေတ်မီသော ထိန်းကျောင်းမှုတစ်ရပ်နှင့် အားကောင်း သောစီမံကြီးကြပ်မှုများလိုအပ်မည်ဖြစ်သည်။ သို့မှသာ ဘဏ်အားလုံးကို လွှမ်းခြုံနိုင်သည့် ခေတ်မီပြီးချင့် ချိန်မှုရှိသော လုပ်ထုံးလုပ်ငန်းများကို မြန်ဆန်စွာ အကောင်အထည်ဖော်ခြင်းဖြင့် ခိုင်မာသော ဘဏ္ဍာရေး စနစ်ဖြစ်ထွန်းလာဖို့ အုတ်မြစ်ချပေးနိုင်မည်ဖြစ်သည်ဟု မစ္စတာဒေးဗီးစ်က ထုတ်ပြန်ချက်တွင် ပြောထား သည်။

မစ္စတာမက်ဒေးဗီးစ်က “ နိုင်ငံခြားဘဏ်တွေဝင်လာဖို့ရှိနေတဲ့အတွက် အထူးအရေးကြီးပါတယ်။ ဘဏ္ဍာ ရေးစီမံကြီးကြပ်မှုစွမ်းဆောင်ရည်ပိုင်းတိုးတက်လာဖို့နဲ့ အန်္တရာယ်ကျရောက်နိုင်ခြေ အနည်းဆုံးဖြစ်ဖို့ အတွက် ပြည်တွင်းဘဏ်လိုင်စင်သစ်တွေ ထုတ်ပေးတာကိုလည်း ဂရုတစိုက်ထိန်းချုပ် ရန်လိုအပ်ပါတယ်” ဟု ဆက်လက်ပြောသည်။

ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားဘဏ်များကို အနည်းဆုံး ငါးခုမှ အများဆုံး ၁၀ခု အထိပေးရန်ရှိပြီး ပြည်တွင်း ပုဂ္ဂလိကဘဏ်များကိုလည်း ဖွင့်လှစ်ခွင့်ထပ်မံချပေးသွားရန် စိစစ်မှုများရှိနေသည်ဟု ဗဟိုဘဏ်မှ ညွှန်ကြား ရေးမှူး ဒေါ်မေတိုးဝင်းက မဇ်္ဈိမ ကို ပြောသည်။

ယင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဘဏ် များအသင်းဥက်္ကဋ္ဌ ဦးသိန်းထွန်းက “ နိုင်ငံခြားဘဏ်တွေပေးမယ့် အပြင် ပြည်တွင်းဘဏ်တွေပါ ထပ်ပြီးပေးဖို့စီစဉ်နေတယ် ဆိုတော့ စဉ်းစားရတကယ်ခက်နေတယ်။ ပြည် တွင်းဘဏ်တွေကိုပါ ထပ်ပြီးဖွင့်ခွင့်ပေးရင် ယှဉ်ပြိုင်မှုက အရမ်းကြီးလာမှာပါ ” ဟု မဇ်္ဈိမကို ပြောသည်။

စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာ၌ ငွေရေးကြေးရေးဆိုင်ရာဘဏ္ဍာရေးစနစ် အားနည်းမှုများကြောင့် စီး ပွားရေးတိုးတက် မှုနှောင့် နှေးမှုများရှိစေသည်ဟု ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံခြား ဘဏ်ကိုယ်စားလှယ်ရုံး ၄၂ ခု၊ ပြည်တွင်း ပုဂ္ဂလိကဘဏ် ၂၂ ခုနှင့် အစိုးရဘဏ် သုံးဘဏ် ဖွင့်လှစ်ထားပြီးဖြစ်သည်။

No comments: