Wednesday, March 25, 2015

စစ်တွေ ရှင်ပြုပွဲများတွင် ဆင်ကို အသုံးပြုလာ

စံမောင်သန်း

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြုလုပ်သော ရှင်ပြုပွဲများတွင် ဆင်များကို အသုံးပြုလာကြသည်ဟု သိရသည်။

မတ်လ ၂၁-၂၂ ရက်နေ့များက ပြုလုပ်သောရှင်ပြုပွဲ တစ်ခုတွင် ပွဲအား ပိုမို ခမ်းနားကြီးကျယ်စေရန် ရည်ရွယ်ပြီး မောင်ရှင်လောင်းများကို ဆင်ပေါ်တင်ကာ မြို့ကိုပတ်ပြီး ရှင်လောင်းလှည့်ခဲ့သည်ဟု သိသည်။

“ ကိုရင်လောင်းနှစ်ယောက်ကို မင်းဝတ်တန်ဆာ အဆောင်အယောင်တွေနဲ့ ရှင်လောင်းလှည့်တဲ့ အခါ ဆင်ပေါ်မှာ စီးနင်း လိုက်ပါလာတာကို တွေ့ရတော့ အထူး အံ့သြရပါတယ်။ ဒါ့ပြင် ဒေ၀ါဝင်း၊ ရာဇာဝင်း၊ သိကြား၊ ဗြဟ္မာနှင့် နတ်ဒေ၀ါ အ၀တ်အစားတွေကို ၀င်ဆင်ထားသူတွေက ခြွေရံပြီး စစ်တွေမြို့ လမ်းမကြီးတွင် တခမ်းတနား လှည့်လည်ပြသခဲ့တာဟာ ရှေးရိုးရာ ယဉ်ကျေးမှု တစ်ရပ်ကို ပြန်လည် ဖော်ထုတ်သလိုမျိုး ခံစားရပါတယ်” ဟု စစ်တွေ ဒေသခံ တစ်ဦးက ပြောသည်။

ကိုရင်လောင်းများ၏အဘွားဖြစ်သူ ဒေါ်ဦးသိန်းညွန့်မှ သူများနှင့်မတူ တမူထူးခြားစေချင်ကြောင်း၊ ဆင်နှင့်ဆိုလျှင် ပိုပြီးတင့်တည်ကြောင်း၊ ဘုရားလက်ထက်ကလည်း ရှင်ပြုသည့်အခါလည်း ဆင်နှင့်ပြုခဲ့သည်ဟု ကြားဖူးကြောင်း၊ ထို့ကြောင့် ဆင်ဖြင့်ပြုရခြင်းဖြစ်ကြောင်း ပြောကြားသည်။

“ငွေကြေးချမ်းသာလို့ ဒီလိုမျိုးဆင်နဲ့ ပြုတာမဟုတ်ပါဘူး။ တိရစ္ဆာန်ထဲမှာ ဆင်ဟာ အထွဋ်အမြတ်ဖြစ်တယ်။ ဆင်နှင့်ပြုတာဟာ သူများထက်ထူးကဲပြီး တခါမှမလုပ်ဖူးတဲ့ အလှူဖြစ်တယ်။ အသက် ၆၇ နှစ်ရှိပါပြီ။ မြေးကလေးတွေကို ရှင်ပြုတဲ့အခါ ဒီလိုမျိုးပြုချင်ပါတယ်။ ချွေးမကလည်း သူများထက်ထူးအောင် ဆင်နဲ့မှ ပြုချင်တယ်လို့ ပြောပါတယ်”ဟု ဒေါ်ဦးညွန့်သိန်းက နိရဉ္စရာသို့ ပြောသည်။

“အဓိက ပံ့ပိုးကူညီပေးတာက အရှင်ဘုရားပါပဲ။ သားနဲ့ချွေးမကလည်း စိတ်ကြည်ဖြူစွာနဲ့ ပံ့ပိုးကူညီကြပါတယ်။ ဆင်ကိုလည်း အလိုတော်ပြည့် ဆရာတော်ရှာပေးတာပါ။ အစစအရာရာကို အလိုတော်ပြည့်စေတနာနဲ့ ပံ့ပိုးခဲ့တာပါ”ဟု သူမက ထပ်လောင်း ပြောကြားသည်။

ယင်းရှင်ပြုပွဲ ဖြစ်မြောက်အောင် ပံပိုးကူညီခဲ့သူ ပြည်တွင်း၊ ပြည်ပ သာသနာပြု အလိုတော်ပြည့်ဆရာတော် အရှင် ဒေါက်တာအရိယ ၀ံသကလည်း “ဒီလိုမျိုး ခမ်းခမ်းနားနား လုပ်ရတာကတော့ ယခု လက်ရှိ မြန်မာတို့ရဲ့ ယဉ်ကျေးမှု ဘယ်လောက်ထိ အဆင်မြင့်နေပြီလဲ ဆိုတာကို ရခိုင်လူမျိုးတွေအကဲခပ်မိပြီး၊ အတုယူသင့်တာတွေကို အတု ယူနိုင်ဖို့ အတွက် ဖြစ်တယ်”ဟု မိန့်ကြားသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ကျေးပင်ကြီးရပ်ကွက်နေ ဦးအေးထွန်းနှင့် ဒေါ်ခင်ဝင်းတို့က သားနှစ်ယောက်ဖြစ်သော မောင်ပြည့်ဖြိုးဇော်နှင့် မောင်ထက်မြက်အောင်တို့အား စစ်တွေမြို့ အလိုတော်ပြည့်ကျောင်း၌ ရှင်ပြုစဉ် ဆင်ကို အသုံးပြုခဲ့ကြခြင်း ဖြသည်။

ရှင်ပြုပွဲတွင် အသုံးပြုခဲ့သော ဆင်အမည်မှာ နုနုဖြစ်ပြီး ဆင်ပိုင်ရှင်မှာ ရခိုင်ပြည်နယ် သံတွဲမြို့နယ် မြပြင်ကျေးရွာမှ ဦးစိတ်ကြာဖြစ်သည်။ ဆင်သယ်ယူစရိတ်မှာ အသွားအပြန် သိန်း ၄၀ ကုန်ကျသည်ဟု သိရသည်။

No comments: