ABC
ဗိုလ်ချုပ်ဟောင်း ဦးနေဝင်းရဲ့မြေး ဦးအေးနေဝင်း တင်ထားတဲ့ ဓာတ်ပုံနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်တွေမှာ ဝေဖန်မှုတွေ အများအပြား ဖြစ်နေပါတယ်။
အဲဒီဓာတ်ပုံကတော့ ရန်ကုန် ဝန်ကြီးများရုံး (ယခင် အတွင်းဝန်ရုံး) မှာ စနေနေ့တုန်းက ကျင်းပတဲ့ မွေးနေ့ပွဲရဲ့ ပုံတွေ ဖြစ်ပြီး အဲဒီပွဲကို တက်ရောက်ခဲ့တဲ့ ဦးအေးနေဝင်းက တင်ထားခဲ့တာပါ။
သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာတော့ မွေးနေ့ပွဲကို တက်ရောက်ကြတဲ့ ဧည့်သည်တော်တွေက ဒီအဆောက်အဦးမှာ အလုပ်လုပ်ဖူးတဲ့ သူတို့ရဲ့ ဖခင်နဲ့ အဖိုးတွေဆီ အလည်သွားခဲ့ကြတာကို အမှတ်ရနေကြတယ် ဆိုတာမျိုး အင်္ဂလိပ်လို ရေးသားထားပါတယ်။
အဲဒီအဆောက်အဦးမှာ အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံခဲ့ရသလို သမ္မတ အိုဘားမားကလည်း အဲဒီ အဆောက်အဦးကို လည်ပတ်ခဲ့တဲ့ သမိုင်းဝင် အဆောက်အဦး ဖြစ်ပါတယ်။
ဒီလို သမိုင်းဝင်တဲ့ အဆောက်အဦးမှာ မွေးနေ့ပွဲလုပ်တယ်ဆိုတာကို အများက ဒေါသထွက်နေပြီး မွေးနေ့ရှင်က ဘယ်လူကြီး သမီးလည်း ဆိုတာကိုလည်း သိချင်နေကြပါတယ်။
ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်ကလည်း ဒါဟာ မွေးနေ့ပွဲဖြစ်နေရင်တော့ သူလည်း ဒီလုပ်ရပ်ကို မနှစ်သက်ဘူးလို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
ဒီအဆောက်အဦးကို ထိန်းသိမ်းပြုပြင်ဖို့ ဦးသန့်ရဲ့ မြေးဖြစ်တဲ့ ဦးသန့်မြင့်ဦးတို့အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတာကြောင့် ဒီလုပ်ရပ်ကို ဦးသန့်မြင့်ဦးအဖွဲ့အနေနဲ့ ပြန်လည် သုံးသပ်သင့်တယ်လို့ ရေးသားထားပါတယ်။
ဦးသန့်မြင့်ဦး ဦးဆောင်တဲ့ Yangon Haritage Trust (YHT) အဖွဲ့ ကတော့ ဒီအဆောက်အဦး စီမံခန့်ခွဲရေးက သူတို့နဲ့ မဆိုင်ဘူးလို့ တုန့်ပြန်ထားပြီး သူတို့အနေနဲ့ လိုအပ်တဲ့ ပြုပြင်ထိန်းသိမ်းမှုကိုသာ လုပ်ခဲ့တယ်လို့ တုန့်ပြန်ထားပါတယ်။
ဒီအဆောက်အဦး ထိန်းချုပ်ရေးကို အစိုးရက ပုဂ္ဂလိကကို လွဲပြောင်းပေးဖို့ တင်ဒါစနစ်နဲ့ ခေါ်ယူပြီး အနော်မာ အနုပညာအဖွဲ့က ပြတိုက်နဲ့ ယဉ်ကျေးမှု အနုပညာစင်တာ အဖြစ် ပြောင်းလဲမယ်လို့ ပြောခဲ့လို့ တင်ဒါအောင်မြင်ခဲ့ပါတယ်။
ဒီမွေးနေ့ပွဲကို ကျင်းပဖို့ ဘယ်သူက ခွင့်ပြုသလဲ ဆိုတာ မသိရသေးသလို ဒီအဆောက်အဦးကို စီမံခွင့်ရတဲ့ အနော်မာ အနုပညာအဖွဲ့ကို ဆက်သွယ်ခဲ့ပေမယ့် ဖြေဆိုခြင်းမရှိဘူးလို့ အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထားပါတယ်။

No comments:
Post a Comment